Home » » ၀ှီးတက်အတုကား ရောင်းချသူများ သက်ဆိုင်ရာဌာနများနှင့် ပေါင်းလုပ်နေဟုဆို

ဝှီးတက်အတုကား ရောင်းချသူများ သက်ဆိုင်ရာဌာနများနှင့် ပေါင်းလုပ်နေဟုဆို

Written By Unknown on Monday, June 3, 2013 | 4:25 PM

ရန်ကုန်၊ ဇွန်- ၁

သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကာ ၀ှီးတက်အတုပြုလုပ်ပြီး တရားမ၀င်မှောင်ခိုကားများ ရောင်းချခြင်းနှင့် စီးနင်းခြင်းများရှိနေကြောင်း ကားဈေးကွက်တွင်းမှ သတင်းရရှိသည်။

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ၀န်ထမ်းအချို့နှင့် ပူးပေါင်းကာ ယင်းကဲ့သို့ ပြုလုပ်နေ ခြင်းဖြစ်သည်။

ထို့ကြောင့် ယင်းသို့ ဆောင်ရွက်ပေးနေသူများနှင့် တရားမ၀င်ကားများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့်
ဦးစီးဌာနများကအရေးယူပေးရန် မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သည်လုပ်ငန်းရှင်များအသင်းက တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး
ညွန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သို့တင်ပြတောင်းဆိုသွားမည်ဖြစ်သည်။

“အများပြည်သူက တရားမ၀င်ကားတွေမှန်းသိပေမယ့်လည်း ဈေးသက်သာတော့ ၀ယ်စီးနေတာ။ ဒီကားတွေကို တားပြီးစစ်တဲ့ ယာဉ်ထိန်းရဲတွေတောင် ၀ှီးတက်အတု ဆိုတာကို မသိနိုင်ဘူး” ဟု ကားအရောင်းပြခန်း ဖွင့်လှစ်ရောင်းချနေသော လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထိုကားများမှာ ကျပ်သိန်း ၃၀- ၄၀ ၀န်းကျင်ဖြင့်ပင် ရရှိနိုင်သည့်အတွက် တရားဝင်ရောင်းချသည့် ကားများနှင့် ယှဉ်ပါက ကျပ်သိန်းများစွာကွာခြားမှုရှိနိုင်သည်။

တစ်မြို့တည်းရှိ ကားဝှီးတက်များကို အတုပြုလုပ်လျှင်တစ်နေရာတည်း၌ သွာဆုံနိုင်သည့်အတွက် အခြားမြို့မှ ကားဝှီးတက်များကိုသာလုပ်လေ့ရှိကြောင်း သိရသည်။

ယင်းကားများ ယာဉ်မတော်တဆမှုဖြစ်ပါက ကားအတွင်းပစ္စည်းများကို စစ်ဆေးလျှင်အတုမှန်းသိနိုင်ပြီး ထိုအခါယာဉ်သိမ်းရုံသာမက လူကိုပါ အရေးယူနိုင်ကြောင်း သိရသည်။

တိုင်ကြားမည့်အချက်ထဲတွင် လိုင်စင်ပြုလုပ်သည့် ကိစ္စသာမက ဂျပန်နိုင်ငံတွင် မိုင်ပေါင်းများစွာ
မောင်းနှင်အသုံးပြုထား၍ ကီလိုအမှတ်အသားများစွာပေါ်နေသည့် ကားများကို ပြည်တွင်းကားပြုပြင်
ရေးအလုပ်ရုံများတွင် ကီလိုအမှတ်အသားကို လျော့ချပြီး ပြည်တွင်း၌ ရောင်းချခြင်းများပြုလုပ်နေကြသော ကားများကိုအရေးယူပေးရန် တောင်းဆိုသောအချက်လည်း ပါ ၀င်မည်ဖြစ်သည်။

"ကီလိုလျှော့ထားပြီးရောင်း တော့ ၀ယ်သူက သူပေးတာနဲ့တန်တဲ့ ကားကိုမရဘူး။ ဈေးကွက်လည်း ပျက်တာပေါ့”ဟု အဆိုပါသတင်းဒုတိယဥက္ကဋ္ဌဦးအောင်ဝင်းကဆိုသည်။

ကီလိုများမော်တော်ကားများမှာ ဂျပန်နိုင်ငံတွင် ဈေးသက်သာစွာဝယ်ယူနိုင်ပြီး ကီလိုနည်းကားများ
နှင့်ယှဉ်လျင် ကျပ်သိန်း ၅၀မှ ၇၀ ၀န်းကျင်ခန့်ထိ ဈေးသက်သာကြောင်း ကားအရောင်းပြခန်းလုပ်
ငန်းရှင်များကဆိုသည်။

တရားမ၀င်ကားများ ရောင်းချ ခြင်းများကို ရန်ကုန်၊ ပဲခူး၊ မိတ္ထီလာနှင့်တောင်ငူမြို့များနှင့်နယ်မြို့များတွင်အများဆုံးပြုလုပ်နေကြပြီး ဘီးခွန်အတုတစ်ခုပြုလုပ်ပါက ကျပ်သုံးသိန်းခန့်ကျသင့်ကြောင်း သိရသည်။

ဝှီးတက်အတုပြုလုပ်သည့် ကားများမှာ ထိုင်းနယ်စပ်မှဝင်ရောက်ပြီး အများစုမှာ ဂျပန်ကားအမျိုးအစားများဖြစ်သည်ဟု သိရသည်။

7Day News Journal