Home » » ကန်ကြီးထောင် မြို့နယ်မှ လယ်များအား ဆန်စက်ပိုင်ရှင်က အကြွေးဖြင့် သိမ်းယူကာ အဓမ္မ ၀င်ရောက်စိုက်ပျိုး

ကန်ကြီးထောင် မြို့နယ်မှ လယ်များအား ဆန်စက်ပိုင်ရှင်က အကြွေးဖြင့် သိမ်းယူကာ အဓမ္မ ၀င်ရောက်စိုက်ပျိုး

Written By Unknown on Saturday, June 22, 2013 | 11:51 AM

ဇွန်လ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်။

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပေပင်လေးကျေးရွာရှိ
လယ်သမားတို့၏ လယ်မြေများအား ပုသိမ်မြို့ မင်္ဂလာဆန်စက်ပိုင်ရှင်
ဒေါ်ဟိုက်ဝေးက အကြွေးဖြင့်သိမ်းယူကာ အတင်းအဓမ္မ၀င်ရောက်စိုက်ပျိုးမှုများ
လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ပေပင်လေးရွာနေ လယ်သမားများဖြစ်သည့် ဦးကိုထွေးနှင့် ဦးငွေစံတို့ ၂ ဦး၏
လယ်မြေ ၂၂ ဧကကျော်အား ဒေါ်ဟိုက်ဝေးက ၁ ဧက ၄ သိန်းနှုန်း ဈေးသတ်မှတ်ကာ
အကြွေးဖြင့် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးနိုင်ဝင်းနှင့်ပူးပေါင်းကာ မြေခွန်ပြေစာ အမည်ပြောင်းလဲရယူပြီးနောက်
ယခုနှစ်မိုးစပါး စိုက်ပျိုးရာသီတွင် ၀င်ရောက်စိုက်ပျိုးခြင်း ဖြစ်သည်။

“ဒီလယ်တွေက ကျမတို့ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့တာပါ။ မနှစ်ကလည်းပဲ
ကျမတို့ပဲ လုပ်ခဲ့ပါတယ်။ အခု ဒီနှစ်မိုးစပါးကျတော့ ဒေါ်ဟိုက်ဝေးက
သူ့လူတယောက်ကို အငှားထားပြီး ကျမတို့လယ်တွေကို အတင်းဝင်ထွန်တာတွေ
လုပ်ပါတယ်။ ကျမတို့လယ်သမားတွေ ပျိုးကြဲထားပြီးသား လယ်မြေတွေပေါ်ကို
ဝင်ရောက်ဖျက်ဆီးပြီး လယ်ထွန်ပစ်တာတွေ လုပ်ပါတယ်။ ပြီးတော့
ကျမတို့လယ်သမားတွေကို ပြန်ပြီးတော့ ကံရွာရဲစခန်းမှာ
ပိုင်နက်ကျူးလွန်မှုတို့ ဘာတို့နဲ့ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားပါတယ်”ဟု
ပေပင်လေးရွာနေ ဦးငွေစံ၏ဇနီး ဒေါ်စိန်က Myanmar News Now ကို ပြောသည်။

ဆန်စက်သူဌေးဒေါ်ဟိုက်ဝေးသည် ပေပင်လေးရွာမှလယ်သမားများကို
စိုက်ပျိုးစရိတ်နှင့် မျိုးစပါးများ၊ ဓာတ်မြေသြဇာများကို
အတိုးဖြင့်ချေးငှားကာ ချေးငွေများပြန်မပေးနိုင်သည့် အတွက်
လယ်သမားများပိုင်ဆိုင်သည့်လယ်များကို
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပေါင်း၍ သိမ်းယူခြင်းဖြစ်ကြောင်း
ဒေသခံလယ်သမားများက ပြောသည်။

သိမ်းယူရာတွင် လယ်ယာမြေအား လယ်သမားများက မလုပ်ကိုင်နိုင်၍ ကျေးရွာ
အုပ်ချုပ်ရေးမှူးထံ ပြန်လည်အပ်နှံသည့်စာချုပ်တွင် လက်မှတ်ရေးထိုးစေကာ
ယင်းလယ်မြေအား ကျေးရွာအုပ်ချုပ်ရေးမှူးက ဆန်စက်ပိုင်ရှင် ဒေါ်ဟိုက်ဝေးကို
စိုက်ပျိုးခွင့် ချထားပေးသည့်ပုံစံဖြင့် သိမ်းယူခြင်းဖြစ်ကြောင်း
စုံစမ်းသိရှိရသည်။

“ဒေါ်ဟိုက်ဝေးက နင်ငါ့အကြွေးကိုဘယ်လိုဆပ်မှာလဲမေးတော့ ကျမက
လယ်တွေရှိပါတယ်။ လယ်လုပ်ရင်းတနှစ်ကို နိုင်သလောက်ဖဲ့ဆပ်ပါမယ်ပြောတော့
မယုံဘူး။ အဲဒါနဲ့ ရွာမှာ သူ့ကိုယ်စား ဦးသံလုံးဆိုတာကိုလွှတ်ပြီး
ကျမလယ်တွေလိုက်ကြည့်တယ်။ ကျမကလည်း လယ်တွေကိုသေချာလက်ညှိုးထိုးပြတော့
အဲဒီနေ့မှာပဲ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာ ကျမယောက်ျား
ဦးကိုထွေးကိုခေါ်ပြီး အကြွေးရှိကြောင်းလက်မှတ်ထိုးပါဆိုပြီး
လျှောက်လွှာစာရွက် ဗြောင်ပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်။
ထိုးပြီးနောက်ပိုင်း ကျမတို့မှာ ဘဏ်စာအုပ်ရှိရဲ့သားနဲ့ အစိုးရကထုတ်ပေးတဲ့
စိုက်ဘဏ်ချေးငွေ ထုတ်လို့မရတော့ဘူး။ မြေခွန်ပြေစာတွေလည်း
နဂိုကကျမတို့နာမည်နဲ့ ထွက်နေတာကို ဒေါ်ဟိုက်ဝေးနာမည်နဲ့ပဲ
ထွက်လာတော့တယ်”ဟု လယ်သိမ်းခံခဲ့ရသည့် ဦးကိုထွေး၏ဇနီး ဒေါ်ယဉ်ကြည်က
ပြောသည်။

လယ်ယာမြေဥပဒေအရ လယ်သမားတွင် ကြွေးမြီရှိပါက သက်ဆိုင်ရာတရားရုံးမှတဆင့်
တောင်းခံခြင်း၊ အကြွေးမပေးနိုင်ပါက ပိုင်ဆိုင်သည့်ပစ္စည်းများ
သိမ်းယူခြင်း ပြုလုပ်နိုင်သော်လည်း လယ်ယာမြေနှင့် လယ်ယာသုံးပစ္စည်းများကို
အကြွေးဖြင့်သိမ်းယူ၍ မရကြောင်း လယ်သမားများကို လိုက်ပါကူညီပေးနေသည့်
လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးကွန်ရက် (HRWDN) မှ မန်းထွန်းအေးက
ပြောသည်။

“လယ်ယာမြေဥပဒေအရ အကြွေးနဲ့လယ်ယာမြေကို သိမ်းခွင့်မရှိပါဘူး။ လယ်မပြောနဲ့
လယ်ထဲက ထွန်တုံး၊ ထွန်တံ၊ နွားရိုက်တဲ့ကြိမ်လုံးတချောင်းတောင်
သိမ်းခွင့်မရှိပါဘူး။ အခုက လယ်သမားက လယ်မလုပ်နိုင်လို့
အုပ်ချုပ်ရေးမှူးကို လယ်ပြန်အပ်တယ်။ အုပ်ချုပ်ရေးမှူးက ဒေါ်ဟိုက်ဝေးကို
ချပေးလိုက်တယ်ဆိုတဲ့ ဥပဒေကို လက်တလုံးခြားလုပ်ပြီး လယ်သိမ်းတဲ့ပုံစံ
လုပ်ထားတာ တွေ့ရတယ်။ အဲဒီမှာလည်း ထပ်လွဲနေတာက ဒေါ်ဟိုက်ဝေးဟာ
ပေပင်လေးကျေးရွာမှာ နေတဲ့လူမဟုတ်ဘူး။ လယ်ယာမြေဥပဒေအရ လစ်လပ်နေတဲ့ လယ်ကို
ပြန်ချပေးမယ်ဆိုရင်တောင် ဒီရပ်ရွာမှာနေတဲ့ အဆင်းရဲဆုံးလူကိုပဲ
လုပ်ပိုင်ခွင့်ချပေးလို့ရတယ်။ အဲတော့ အောက်ခြေ ရပ်ကျေးက
ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့
ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ လယ်ယာမြေဥပဒေကို နားမလည်သလို ဥပဒေကို
ချိုးဖောက်ပြီး ငွေရှင်အလိုကျလိုက်လုပ်ပေးနေတာ ဒီဖြစ်ရပ်က
ထင်ရှားနေတယ်”ဟု မန်းထွန်းအေးက ပြောသည်။

ပေပင်လေးကျေးရွာသို့ သတင်းသွားရောက်ရယူခဲ့သည့် သတင်းထောက်တဦးက
“ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စကားပြောကြည့်တော့ လယ်သမားက
လယ်တွေကို သူတို့ဆီမှာ လာအပ်တယ်။ လယ်သမားရဲ့သဘောဆန္ဒအရ ဒေါ်ဟိုက်ဝေးကို
ပြန်ချပေးဖို့ ပြောတဲ့အတွက် ကျနော်တို့က ဒေါ်ဟိုက်ဝေးကို လုပ်ပိုင်ခွင့်
ပြန်ချပေးခဲ့တာဖြစ်တယ်။ တနည်းအားဖြင့် လယ်ယာမြေဥပဒေနဲ့မညီသော်လည်းပဲ
အကြွေးကိစ္စကို ရပ်ဓလေ့ရွာဓလေ့နဲ့ ဖြေရှင်းပေးတဲ့သဘောဖြစ်တယ်လို့
ပြောတယ်”ဟု ပြောသည်။

လက်ရှိတွင် ပေပင်လေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက
ယင်းလယ်ယာမြေများအား ငွေရှင်သူဌေးနှင့် မူလပိုင်ရှင်လယ်သမား ၂ စလုံး
ထွန်ယက်စိုက်ပျိုးခွင့် တားမြစ်ထားကြောင်း သိရသည်။

“လယ်ယာမြေဥပဒေမှာ လယ်ယာမြေအငြင်းပွားမှုဖြစ်ခဲ့ရင် တဆက်တည်း ၃ နှစ်
လုပ်ကိုင်ခဲ့သူကို ယာယီလုပ်ကိုင်ခွင့်ချပေးရမယ်လို့ ပါရှိတယ်။
ဦးကိုထွေးတို့ ဦးငွေစံတို့ဟာ တဆက်တည်းလုပ်လာခဲ့တာ နှစ်ပေါင်း ၂၀
ကျော်နေပါပြီ။ ဒါပေမယ့် အဲဒီလယ်တွေကို ထွန်ယက်စိုက်ပျိုးခွင့်ကို
ကျေးရွာအုပ်ချုပ်ရေးမှူးက တားမြစ်ထားပါတယ်။ ဒါဟာ ဥပဒေနဲ့ မညီသလို
ဥပဒေကိုမျက်ကွယ်ပြုပြီး ချိုးဖောက်ရာကျနေပါတယ်။ အခုဆို
မိုးကတအားရွာတဲ့အချိန် ထွန်ယက်စိုက်ပျိုးဖို့ အကောင်းဆုံးအချိန်ပါ။
ထွန်ယက်ချိန် နောက်ကျလို့ သီးနှံတွေပျက်စီးဆုံးရှုံးခဲ့ရင်
ဥပဒေချိုးဖောက်ပြီး လယ်လုပ်ခွင့် တားမြစ်ထားသူက
တာဝန်ယူဖြေရှင်းပေးရပါလိမ့်မယ်”ဟု ပုသိမ်အခြေစိုက် လူ့အခွင့်အရေး
စောင့်ကြည့်ကာကွယ်ရေးကွန်ရက်မှ ကိုမြင့်နိုင်က ပြောသည်။

ပေပင်လေးကျေးရွာတွင် ယခင်ကလည်း ဒေါ်ဟိုက်ဝေးက အကြွေးဖြင့်လယ်သိမ်းခဲ့သည့်
ဖြစ်ရပ်များ အမြောက်အမြားရှိခဲ့ကြောင်း ဒေသခံလယ်သမားများက ပြောသည်။

Myanmar News Now