Home » » အမှန်ကိုပြောရဲသည့် သတ္တိ

အမှန်ကိုပြောရဲသည့် သတ္တိ

Written By Unknown on Monday, June 24, 2013 | 12:48 PM

မြန်မာ့မြေမှာ လူ့အခွင့်အရေးကို ကာကွယ်ခြင်း
--------------------------------------------

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေညီလာခံက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အခန်း-၁၆ မှာ ယခုလိုဖော်ပြထားသည်။

“(၁) အသက်အရွယ်ပြည့်သူ အမျိုးသား၊ အမျိုးသမီးတိုင်းသည် လူမျိုး၊ နိုင်ငံသား(သို့မဟုတ်) ဘာသာရေးအရကန့်သတ်ထားမှုတစ်စုံတစ်ရာမရှိဘဲ လွတ်လပ်စွာ ထိမ်းမြားခွင့်၊ မိသားစုထူထောင်ခွင့်ရှိသည်။ ၎င်းတို့သည် လက်ထပ်ထိမ်းမြားခြင်း မတိုင်မီလည်းကောင်း၊ အိမ်ထောင်ဖက် ဘ၀၌လည်းကောင်း၊ ကွာရှင်းပြတ်စဲရာမှာလည်း ကောင်းတူညီသော အခွင့်အရေးများ ရှိရမည်။

(၂) လက်ထပ်ထိမ်းမြားခြင်းသည် ချစ်သူအချင်းချင်း၏ လွတ်လပ်သော ဆန္ဒများဖြင့်သာ ဆောင်ရွက်ရမည်။

(၃) မိသားစုသည် သဘာဝအားဖြင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အခြေခံအစုအဖွဲ့ဖြစ်သည့်အပြင် လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်၏ အကာအကွယ်ကို ရရှိရမည်”

ရိုးရှင်းပြည့်စုံသည့် စာပိုဒ် ဖြစ်သည်။ ချစ်သူနှစ်ဦးသည် လူမျိုးရေး၊ ဘာသာရေး ထိန်းချုပ်မှုတစ်စုံတစ်ရာမပါဘဲ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ရှိရမည်ဆိုသည့် အခြေခံ လူ့အခွင့်အရေး ဖြစ်သည်။

မျိုးစောင့် ဥပဒေကြမ်းကို ပြဋ္ဌာန်းဖို့ ကြိုးစားခြင်းသည် မြန်မာနိုင်ငံကို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ဝေးရာကို ဆွဲဆောင်ခေါ်ယူသွာခြင်း ဖြစ်နေသည်။

ပို၍ဆိုးသည်က ဒီမိုကရေစီ ရင့်ကျက်မှုအားနည်းသေးသည့် မြန်မာ့လူ့အဖွဲ့အစည်းကို နှစ်ခြမ်းကွဲစေပြီး မလိုလားအပ်သည့် အငြင်းပွားမှုများနှင့် ပဋိပက္ခများက နိုင်ငံပြန်လည်ထူထောင်ရေးကို အကြီးအကျယ်ခြောက်လှန့်လာစေခြင်း ဖြစ်သည်။ လူ့အဖွဲ့အစည်းကို စေတနာအစစ်အမှန်ရှိလျှင် အရေးတကြီးလုပ်စရာ ပြဿနာ အများအပြားရှိနေသည်။

Transparency International အဖွဲ့ကြီး၏ ခြစားမှုထုတ်ပြန်ချက်အရ နိုင်ငံ ၁၇၆ နိုင်ငံမှာ ၁၇၂ နံပါတ်ချိတ်သည့်အတွက် ကမ္ဘာ့ခြအစားဆုံးနိုင်ငံထဲမှာ မြန်မာ ပါဝင်နေသည်။ ကိုယ့်နောက်မှာ ဆူဒန်၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် ဆိုမာလီယာသာ ကျန်တော့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံက နံပါတ် ၈၈ ချိတ်သည့်အတွက် မြန်မာထက် ၈၄ ဆင့်သာသည်။ မွတ်ဆလင်နိုင်ငံဟု ဆိုသည့် မလေးရှားက အဆင့် ၅၄ ဖြစ်သည့်အတွက် မြန်မာထက် ၁၁၈ ဆင့် အပြတ်အသတ်သာသည်။

လက်ရှိမြန်မာနိုင်ငံ၏ မွေးကင်းစကလေး သေဆုံးမှုသည် အယောက် ၁၀၀၀ မှာ ၄၈ ယောက် ဖြစ်နေသည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၏နှုန်းမှာ အယောက်တစ်ထောင်မှာ ၄၇ ယောက်ဖြစ်သည့်အတွက် မြန်မာက ဘင်္ဂလားဒေ့ရှ်ထက်ပင်ပိုဆိုးနေသည်။

ကျန်းမာရေးအတွက် ဘတ်ဂျက်သုံးစွဲမှုမှာ မြန်မာသည် ဒေသတွင်းမှာ အနိမ့်ဆုံးဖြစ်နေသည်။ ဘင်္ဂလားဒေ့ရှ်က ဂျီဒီပီ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းကို ကျန်းမာရေးအတွက် သုံးစွဲနေချိန်မှာ မြန်မာက ၂ ရာခိုင်နှုန်းသာ သုံးစွဲနေသည်။ ကမ္ဘောဒီးယားကပင် ၅ ဒသမ ၆ ရာခိုင်နှုန်းကို သုံးစွဲသည့်အတွက် မြန်မာ့ထက်အရှေ့ကိုအများကြီး ရောက်နေသည်။

နိုင်ငံတကာ သုတေသနပြုလုပ်မှုများနှင့် တိုင်းပြည်ပြန်လည်ထူထောင်ရေးဆိုင်ရာ အသိပညာများကို လေ့လာလျှင် ယခုအချိန်မှာ နိုင်ငံအတွက်ဘာတွေအရေးတကြီး ဆောင်ရွက်ရမည်ဆိုတာကို နားလည်နိုင်မည်။ လူနည်းစုများအား နှိပ်ကွပ်ခြင်းနှင့် မငြိမ်သက်မှုကို ဆော်သြခြင်းသည် တိုင်းပြည် ပြန်လည်ထူထောင်ရေးကို ထိုး နှက်နေခြင်း ဖြစ်သည်။ စစ်အစိုးရ အောက်တွင် နှစ်ပေါင်းများစွာ နေ လာခဲ့ရသည့် မြန်မာ့လူ့အဖွဲ့အစည်း ကို တစ်စစီပြန်လည် ကောက်ရေးတွင် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည် အရေးကြီးဆုံးဖြစ်သည်။ လူမှုရေး ဘာသာရေးခွဲခြားမှုများက ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် ဖြိုခွဲသည့်အတွက် ဦးဆောင်သူများ၏ ရည်ရွယ်ချက်ကို သံသယရှိဖို့ လိုသည်။

မြန်မာနိုင်ငံကို နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ဘက်ပေါင်းစုံက ပြန်လည်ထူထောင်ဖို့ ကြိုးစားချိန်တွင် အစွန်းရောက်များ၏ ရန်ကကာ ကွယ်ရန်အတွက် အောက်ပါအချက်များ အရေးတကြီးလိုအပ်ပါသည်။

(၁)လာမည့် ရွေးကောက်ပွဲကို မငဲ့ဘဲ ပြတ်ပြတ်သားသား အရေးယူရဲသည့် ပြည်သူများ၏ လုံခြုံမှုကို အာမခံနိုင်သည့် အစိုးရဖြစ်ဖို့လိုသည်။ ဝေဖန်ကြသလို ပဋိပက္ခများ၏ နောက်ကွယ်တွင် အစိုးရရှိမနေခဲ့လျှင် မျက်နှာမရွေး အရေးယူဆောင်ရွက်ရဲဖို့ လိုအပ်ပါသည်။

(၂) မဟုတ်တာ မမှန်တာကို တွေ့လျှင် ရဲရဲရင့်ရင့် အတိုက်အခံပြုရဲသည့် အတိုက်အခံလိုသည်။ အမေရိကန်ပြည်ထောင်စုတွင် အသားအရောင်ခွဲခြားမှုများ ပြင်း ထန်ခဲ့စဉ်က လူ့အခွင့်အရေး ခေါင်းဆောင်မာတင်လူသာကင်း ဂျူနီယာက အခုလို ပြောခဲ့သည်။

“နောက်ဆုံးတစ်နေ့ ကျွန်တော်တို့ မှတ်မိနေမှာက ရန်သူတွေရဲ့ စကားလုံးတွေ မဟုတ်ဘူး။ ကျွန်တော်တို့ မိတ်ဆွေတွေရဲ့ တိတ်ဆိတ်ငြိမ်သက်မှုတွေ ဖြစ်တယ်”

လူ့အဖွဲ့အစည်းအတွက် အရေးကြီးချိန်မှာ တာဝန်ရှိသည့် စကားကို မပြောခဲ့ခြင်းသည် သမိုင်းတွင် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သူရှင်းပြခဲ့ခြင်းဖြစ်သည်။

(၃) လူအများကြိုက်လမ်းစဉ်ကို မလိုက်ဘဲ အမှန်တရားကို သတ္တိရှိရှိ ညွှန်ပြနိုင်သည့် မီဒီယာများ လိုအပ်သည်။ အများလက်ခုတ်တီးလောက်သည့် တင်ဆက်မှုများ ဖြင့် သွေးထိုးကြမည့်အစားခါးသီးသည့်တိုင် အရှိတရားဖြစ်သည့်“အမှန်”ကို ရေးသားထုတ် ဖော်ရဲ သည့် သတင်းစာဆရာများ လိုအပ်သည်။ သတင်းမီဒီယာသည် အသံ ပျောက်နေသည့် လူနည်းစုများ၏ အသံကိုမြှင့်တင်ပေးဖို့ တာဝန်ရှိသည်ဟု ခေတ်အဆက်ဆက် သတင်းစာဆရာကြီးများ ယုံကြည်ခဲ့ကြ သည်။

(၄) ပညာတတ်များနှင့် အသိ ဉာဏ် ပိုမိုရင့်ကျက်သူများက အစွန်းရောက်သူများနှင့် ဉာဏ်ပညာ နည်းပါးသူများ၏ ကျယ်လောင် သည့်အသံကို တန်ပြန်ထုတ်ဖော် ပြောဆိုဖို့ လိုအပ်သည်။ သိသူများက ရဲရဲရင့်ရင့် ထုတ်ဖော်ပြောဆိုမှ သာ ပြည်သူအများစုကို လမ်းကြောင်းမှန်ပေါ် ဆွဲခေါ်နိုင်ပါလိမ့်မည်။ ရေရှည်အနာဂတ်တွင်တော့ လူမျိုးမတူ၊ ဘာသာမတူသူများ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး အပြန်အလှန် လက်ခံနိုင်သည့် ယဉ်ကျေးမှုကို သင်ကြားပေးမည့် စစ်မှန်သော ပညာ
ရေးကို ထူထောင်ဖို့လိုအပ်ပါသည်။

(၅) အရေးကြီးဆုံးက ပြည်သူလူထုဖြစ်ပါသည်။ မြန်မာသည် ခေတ်အဆက်ဆက်တွင် ဖြားယောင်းမှုအမျိုးမျိုး၏ ဒဏ်ကိုခံခဲ့ရပြီးဖြစ်သည်။ သြဇာအာဏာ တည်ထောင်
လိုသူများနှင့် လူ့အဖွဲ့အစည်းအ တွင်း ခွဲခြားနှိမ့်ချ ဆက်ဆံလိုသူများကြောင့် ဆယ်စုနှစ်များစွာ နစ်နာခဲ့ရပြီးဖြစ်သည်။

ယခုတစ်ကြိမ်တော့ ငြင်းဆန်ကြရမည်။

လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကို မြန်မာ့မြေမှာ စုပေါင်းကာကွယ်ကြရမည်။

ရေးသားသူ- ရဲမိုး - 7Day News Journal