Home » » လှေမြုပ်၍ သေဆုံး မြန်မာ အလောင်း ၁၂ လောင်း ထိုင်းဆေးရုံ ရရှိထား

လှေမြုပ်၍ သေဆုံး မြန်မာ အလောင်း ၁၂ လောင်း ထိုင်းဆေးရုံ ရရှိထား

Written By Unknown on Monday, June 3, 2013 | 4:34 PM

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် လုံးဖောကြီး ကျေးရွာ မှတဆင့် ပါချန်မြစ်ကို လှေ ၃ စီးဖြင့် ဖြတ်ကျော်ကာ တဖက် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးစားသည့် မြန်မာနိုင်ငံသားများထဲမှ ရေနစ် သေဆုံးခဲ့သည့် အလောင်း ၁၂ လောင်းအား ရနောင်း ဆေးရုံ၌ လက်ခံရရှိထားသည်ဟု ရနောင်း ဆေးရုံမှ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောသည်။

ထိုအထဲတွင် အမျိုးသမီး ၆ လောင်းနှင့် အမျိုးသား ၆ လောင်း ပါဝင်သည်။

“သူတို့တွေရဲ့ ကိုယ်ပေါ်မှာ မြန်မာနိုင်ငံသား စိစစ်ရေး ကဒ်ပြားတွေ သက်သေတွေ လူတော်တော် များများမှာ တွေ့ရတယ်။ မရှိတဲ့ လူက အနည်းစုပါ။ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ဖို့များတယ်” ဟု ဆေးရုံ တာဝန်ရှိသူတဦးဖြစ်သည့် ခွန်ဇုနန် က မဇ္ဈိမကို ပြောသည်။

ရေနစ်နေသည့် မြန်မာ သုံးဦးအား ကော့ချန်းချန်ကျွန်းအနီးတွင် ထိုင်းအာဏာပိုင်များက မေလ ၃၁ ရက်နေ့တွင် ဆယ်ယူရရှိခဲ့ပြီးနောက် အသက် ဆုံးရှူံး ခဲ့ရခြင်း ဖြစ်ပြီး ကျန်အလောင်း များကိုမူ ထိုင်းနိုင်ငံ အနောက်ဘက် ပင်လယ်ကမ်းခြေ၌ ပေါလော မြောနေစဉ် ဆယ်ယူ နိုင်ခဲ့သည်ဟု ဆိုသည်။

မေလ ၃၁ ရက်နေ့တွင် လုံးဖောကြီး ကျေးရွာမှ ဦးအောင်စိန်၊ ဦးသာထူး၊ သန်းထိုက် တို့ လှေမောင်း သုံးဦးမှ ပဲ့ချိတ်လှေ ကိုယ်စီဖြင့် ညသန်းခေါင်ကျော် ၂ နာရီ ခန့်တွင် အဆိုပါ လူများအား တဖက်နိုင်ငံသို့ လိုက်လံ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သည်။

“လှေ မတော်တဆ မှောက်မှုကြောင့် ဒီလူတွေ သေရတာ ဖြစ်တယ်။ ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံ သားတွေပါ။ ခိုးဝင် လာတုန်းမှာ အခုလိုမျိုး လှေနစ်ပြီး အသက်ဆုံးရုံး ရတာပါ။ အလောင်းတွေက အခု ရနောင်း ဆေးရုံ ရောက်နေတယ်” ရနောင်းမြို့ ပတ်(က်)နာမ်း ရဲစခန်းမှ ရဲအရာခံဗိုလ် အမရိန်း(င်း) က မဇ္ဈိမအား ပြောသည်။

အခင်း ဖြစ်ပွားသည့် အချက်အလက် အသေးစိတ်ကိုမူ အထက် ညွှန်ကြားချက် ဖြင့်သာ ထုတ်ပြန် ပြောဆိုနိုင်ပြီး ၎င်းအနေဖြင့် မဖြေဆိုနိုင်ကြောင်းလည်း ရဲအရာခံဗိုလ် အမရိန်း(င်း) က ပြောသည်။

ယနေ့ နံနက် အစောပိုင်း တွင်လည်း ၎င်း အလောင်းများအား ရဲအပါ အဝင် မြန်မာ အာဏာပိုင်များမှ ရနောင်းဆေးရုံသို့ လာရောက်၍ ကြည့်ရှူ့ စစ်ဆေး မှုများ ပြုလုပ် သွားခဲ့ပြီး ဆက်လက်၍ သက်ဆိုင်ရာ အာဏာပိုင် များမှ လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ် နိုင်ရန် အတွက် သုံးရက်ခန့် (ဇွန်လ ၂၊ ၃၊ ၄) ရက်နေ့ အထိ ထားရှိမည်ဖြစ်ကာ ၄င်းနောက် သဂြိုလ်မည် ဖြစ်ကြောင်းလည်း ခွန်ဇုနန် က မဇ္ဈိမကို ပြောသည်။

ယင်းဖြစ်စဉ်အား မဇ္ဈိမမှ ကော့သောင်း ရဲစခန်းအား ဆက်သွယ် မေးမြန်း ခဲ့သော်လည်း မိမိတို့ အနေနှင့် သတင်း မရရှိ သေးပဲ စုံစမ်း နေဆဲ ဖြစ်ကြောင်း ဒု-ရဲအုပ် က မဇ္ဈိမကို ပြန်လည် ဖြေကြားသည်။

“ကျနော်တို့က အလှည့်ကျ တာဝန်မှူး ယူရတာဆိုတော့ ကျနော်က အခုမှ တာဝန်မှူး စဝင်တာ။ သတင်းကတော့ စုံစမ်းတုန်းပါပဲ။ ဒီသတင်းအပေါ် ဘာမှတော့ မပြောကြားနိုင်သေးပါဘူး” ဟု ပြောဆိုသည်။

ထို့ပြင် အသက်ရှင်လျက် ဖမ်းဆီးရမိထားသည့် မြန်မာ နိုင်ငံသား ၃၈ ဦးအားလည်း ရနောင်း အချုပ်၌ ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ခိုးဝင်လာသည့် မြန်မာများအား ဖမ်းဆီးစဉ်က ထိုင်းအာဏာပိုင်များမှ ပစ်ခတ်မှု ရှိခဲ့သည်ဟု လုံဖောကြီးကျေးရွာ ဒေသခံ တဦး ဖြစ်သည့် ကိုမင်းမင်း က မဇ္ဈိမအား ပြောကြား ထားသော်လည်း ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍မူ ထိုင်းသတင်းများတွင် ထုတ်ဖော် ရေးသားခြင်း မရှိခဲ့ပေ။

ဟင်္သာနီ (မွန်မြေ) | စံခလပူရီ (မဇ္ဈိမ)
Mizzima - News in Burmese