Home » » ပြည်ဒေသခံ သတင်းထောက်နှစ်ဦး ပုဒ်မ (၁၈) ဖြင့် တရားရုံးတင်ခံရ

ပြည်ဒေသခံ သတင်းထောက်နှစ်ဦး ပုဒ်မ (၁၈) ဖြင့် တရားရုံးတင်ခံရ

Written By Unknown on Wednesday, June 26, 2013 | 1:01 PM

ပြည်၊ ဇွန် ၂၅

ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ကမ်းနားလမ်းတွင် တည်ဆောက်နေသော အဆောက်အအုံနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ရန် စုဝေးခဲ့သဖြင့် ပြည်မြို့ ဒေသခံ သတင်းထောက်နှစ်ဦး အပါအဝင် လူခြောက်ဦးကို ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားသော အမှုကို ဇွန်လ ၂၅ ရက်တွင် မြို့နယ်တရားရုံးသို့ ရုံးတင်ပြီဖြစ်ကြောင်း ပြည်မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

အဆောက်အအုံ ရှေ့တွင် ဆန္ဒထုတ် ဖော်ရန်စုဝေးသူလူ ၂၀၀ ကျော်အနက် ခြောက်ဦးကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)ဖြင့် ပြည်မြို့မ ရဲစခန်းမှူး ဦးဝင်းခိုင်က တရားလိုပြုကာ တရားစွဲဆိုထား ရာတွင် ပဲခူးသတင်းစဉ် (ပြည်ခရိုင်တာဝန်ခံ) နှင့် အလွတ်သတင်း ထောက် တစ်ဦး ပါဝင်ခဲ့ကြောင်း တရားစွဲဆို ခံရသူများထံမှ သိရှိရသည်။

"လူငါးဦးထက် ပိုတဲ့သူက ခွင့်ပြုချက် မရဘဲနဲ့ အများသူငါသွားတဲ့ လမ်းပေါ်မှာ စုဝေးရောက်ရှိနေ တဲ့အတွက် ဥပဒေ ပုဒ်မ (၁၈) နဲ့ တရားစွဲတာပါ။ ဒီခြောက်ယောက်က စုဝေးနေတဲ့ လူစုမှာ ဦးဆောင်သူ အဖြစ်နဲ့ သတ်မှတ်လို့ အမှုဖွင့် တရားစွဲတာပါ" ဟု ပြည်မြို့မရဲတပ်ဖွဲ့ စခန်းမှူး ဦးဝင်းခိုင်ကဆိုသည်။

မေလ ၁၇ ရက်နေ့က ကမ်းနားလမ်း ရှိ ဆောက်လုပ်နေသော အဆောက်အအုံကို ကန့်ကွက်သည့် အနေနှင့် ဧရာဝတီမြစ် ချစ်သူများ ကွန်ရက်က အဆိုပါအဆောက် အအုံရှေ့တွင် စုဝေးပြီး ဦးဆောင်သူကို စောင့်ဆိုင်းနေစဉ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိ လာကာ လူစုခွဲခိုင်းခဲ့ပြီး မေလ ၁၈ ရက်နေ့ တွင် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ခဲ့သည်ဟု တရားစွဲဆိုခံရသူ ဦးကျော်ဆွေက ပြောကြားသည်။
"ဦးဆောင်သူက ဦးမြင့်အေးပါ၊ အင်္ကျီဝေတာတွေ၊ လက်ကမ်းစာစောင်တွေ၊ စတစ်ကာတွေ အားလုံး သူဝေတာ၊ ခွင့်ပြုမိန့် စာတင်တာလည်း သူပဲ။ ဒီလူတွေက သူဖိတ်ထားလို့လာပြီး အင်္ကျီရလို့ ဝတ်ထား တာပဲရှိတယ်၊ တရားစွဲရင်လည်း ဒီလူ အားလုံးကို စွဲရမှာ မဟုတ်ဘူးလား။ ဘာကြောင့် လူခြောက်ယောက်ကို ရွေးစွဲတာလဲ၊ ကျွန်တော်တို့ ဗီနိုင်းလည်း မကိုင်ခဲ့ဘူး၊ စာရွက်တွေလည်း မဝေခဲ့ဘူး၊ ကြွေးကြော်တာလည်း မရှိခဲ့ဘူး" ဟု ၄င်းကဆိုသည်။

ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခံရသူ ခြောက်ဦးမှာ ဦးစိုးနိုင်၊ ဦးကျော်ရွှေ၊ ဦးသန်းထိုက်အောင်၊ ဒေါ်ချိုချိုနိုင်၊ ဒေါ်မိခေး နှင့် ကိုကျော်ဝင်းခိုင်တို့ ဖြစ်ကြပြီး ပ/၄၅၅/၁၃၊ ဆန္ဒပြခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ပြည်မြို့ အမှတ်(၂) မြို့မရဲစခန်း ထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly