Home » » ဖျာပုံလယ်သမားတွေ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

ဖျာပုံလယ်သမားတွေ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

Written By Unknown on Sunday, June 2, 2013 | 10:16 AM

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်ကမ္ဘာ ကျေးရွာအုပ်စုက လယ်သမား ၂၀၀ ကျော်ဟာ ယခင်စစ်အစိုးရလက်ထက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သိမ်းယူထားတဲ့ လယ်ဧက ၄၀၀ ကျော်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး ထွန်တုံးတိုက်ပွဲအဖြစ် ပြန်လည်ထွန်ယက်စိုက်ပျိုးခဲ့ကြပါတယ်။

ဒီနေ့ထွန်ယက်စိုက်ပျိုးခဲ့တာနဲ့ ပတ်သက်လို့ လယ်သမား ဦးဝင်းအေးက RFA ကို အခုလို ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ လယ်သမားတွေက အကုန်လုံး ဒုက္ခတွေရောက်ကုန်ကြပြီလေ၊ စားဝတ်နေရေးအရ အကုန်လုံးအဆင်မပြေဘူး၊ ငတ်တဲ့လူကငတ်၊ လူငှားလုပ်စားတဲ့လူကလုပ်စား၊ ရေလုပ်သားလုပ်စားတဲ့သူကလုပ်စား အကုန်လုံးဖြစ်ကုန်ကြပြီလေ၊ ကျနော်တို့ တောင်သူလယ်သမားတွေရဲ့ လက်ဝယ်ကို ပြန်လည်ရောက်စေချင်တာပေါ့နော်၊ အမြန်ပေးပါလို့တောင်းဆိုနေတာ အခုအချိန်ထိပဲ၊ ရှေ့ဆက်ပြီးတော့ ကျနော်တို့ ကိုယ့်လယ်ကိုပြန်ယူဖို့ဆန္ဒတွေတော့ ရှိကြတာပေါ့နော်၊ မရရင်ရတဲ့ဆီကို တင်ပြမယ်၊ မရမချင်းကျနော်တို့က တင်ပြမယ်၊ လုပ်မယ်၊ ကိုယ့်လယ်ကိုယ်တော့ ဆက်လုပ်ကြမှာပဲ၊ ဘာလို့လဲဆိုတော့ သူတို့ကမတရားကြီး သိမ်းပိုက်ထားတာကိုး”

၁၉၉၅ ခုနှစ်ကစလို့ တောင်သူ ၄၆ ဦး လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ဧက ၄၀၀ ကျော်ကို နိုင်ငံတော်ကိုပေးဆောင်ဖို့ ကြွေးကျန်တွေရှိတယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သိမ်းယူခဲ့တာဖြစ်ပါတယ်။

အလားတူ လယ်ထွန်စိုက်ပျိုးတဲ့လှုပ်ရှားမှုမျိုး ဧရာဝတီိတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် ကြက်လျှာကျေးရွာမှာလည်း လယ်ဧက ၃၈ ဧက လယ်သမား ၁၀ ဦးက ပြုလုပ်ခဲ့ကြပြီး လောလောဆယ်အထိတော့ အာဏာပိုင်တွေဖက်က တစ်စုံတရာလာရောက်ဟန့်တားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

RFA Burmese