Home » » အသက်၁၄ နှစ် ကလေးကို ညှဉ်းပန်းနှိပ်စက်ခြင်း မရှိဟု ခရမ်းဦးချစ်တင် ဆေးတိုက် ငြင်းဆို

အသက်၁၄ နှစ် ကလေးကို ညှဉ်းပန်းနှိပ်စက်ခြင်း မရှိဟု ခရမ်းဦးချစ်တင် ဆေးတိုက် ငြင်းဆို

Written By Unknown on Tuesday, June 4, 2013 | 10:48 AM

ရန်ကုန်၊ ဇွန် ၃

အသက် ၁၄ နှစ်ရွယ် ကလေးငယ် တစ်ဦးကို ခရမ်းဦးချစ်တင် ပရဆေးတိုက် ဆိုင်ပိုင်ရှင်များက ညှဉ်းပန်းနှိပ်စက်သည် ဟု တိုင်ကြားခြင်း ခံရသည့် ယင်းဆေးတိုက် က ထိုသို့ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း အဆိုပါ ဆေးတိုက်ပိုင်ရှင် ဒေါ်ခင်စန်းမော်က The Voice သို့ ပြောကြားသည်။

ကျောက်တန်းမြို့နယ် ကန်မြောင် ကျေးရွာအုပ်စု ကန်မြောင်ရွာနေသူ အသက် ၁၄ နှစ်အရွယ် မောင်သန်းဝင်းက ခရမ်းဦးချစ်တင် ပရဆေးတိုက်တွင် နံ့သာနီတုံး ခုတ်ရာတွင် နှေးသောကြောင့် အလုပ်ရှင်၏ မိသားစုဝင်များက ရိုက်နှက်ခြင်း၊ ဓားကို အပူပေး၍ ကလေး၏ ကိုယ်ပေါ် ကပ်ခြင်းများ၊ ဝါယာကြိုးများဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ရာ ထွက်ပြေးရန် နှစ်ကြိမ်ခန့် ကြိုးစားပြီးမှ လွတ်မြောက်ခဲ့ကြောင်း ဇွန်လ ၃ ရက်နေ့အထိ ကျောက်တန်းမြို့ ပြည်သူ့ဆေးရုံတွင် နှစ်လကြာ တက်ရောက် ကုသမှု ခံယူခဲ့သည့် မောင်သန်းဝင်းက ပြောကြားသည်။

ကလေးကို ရိုက်နှက်သည်ဟု ကလေးငယ်၏ ပြောကြားချက်ကို ခရမ်းဦးချစ်တင် ပရဆေးတိုက် ဆိုင်ပိုင်ရှင်များက မဟုတ်မှန်ဘဲ မောင်သန်းဝင်းသည် အလုပ်ဝင်စတွင် အနာများ ပါရှိကြောင်း အဆိုပါ ဆေးတိုက်ပိုင်ရှင် ဒေါ်ခင်စန်းမော်က ငြင်းဆိုသည်။

မောင်သန်းဝင်းသည် ဆေးတိုက်တွင် မတ်လက စတင် အလုပ်ဝင်ပြီး ၁၈ ရက် အကြာတွင် ထွက်ပြေးခဲ့ကာ ဆေးတိုက် ပိုင်ရှင်များက ညှဉ်းပမ်း နှိပ်စက်သည်ဟု ဆိုကာ ကျောက်တန်းမြို့နယ် ရဲစခန်းတွင် အမှု ဖွင့်ခဲ့ကြောင်း၊ ယင်းအမှုကို နစ်နာကြေး ငွေကျပ်၂၅သိန်းပေးပါက အမှု ပိတ်ပေး မည်ဟု ကလေးငယ်ကို အလုပ် သွင်းပေးသူမှ တစ်ဆင့် ကျောက်တန်းမြို့နယ် စာရေးဆရာ အသင်းက ကမ်းလှမ်းခဲ့ကြောင်း ယင်းဆေးတိုက်ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ကလေးငယ်၏ ဒဏ်ရာအခြေအနေ ဆေးစစ်ချက် အဖြေရပါက စမ်းချောင်းမြို့နယ် ရဲစခန်းသို့ အမှု လွှဲအပ်၍ ဥပဒေအရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း၊ ဆိုင်ရှင်ဘက်မှ ၂၅ သိန်းပေးလျှင် ကျေအေး မည်ဟု ပြောဆိုချက်မှာ မဟုတ်မှန်ကြောင်း ကလေးငယ် ရိုက်နှက်မှုနှင့် ပတ်သက်၍ ကူညီပေးသူ ကျောက်တန်းမြို့နယ် စာရေးဆရာအသင်းမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုးဝင်းက ပြောကြားသည်။

အဆိုပါ ရိုက်နှက်မှုနှင့် ပတ်သက်၍ ခရမ်းဦးချစ်တင် ပရဆေးတိုက်မှ ဆေးတိုက် ပိုင်ရှင်များကို (ပ) ၉၆ / ၁၃၊ ပုဒ်မ ၃၂၅ /၁၁၄ ဖြင့် အမှု ဖွင့်ထားကြောင်း ကျောက်တန်း ရဲစခန်း၏ တာဝန်ကျ ရဲအရာရှိထံမှ သိရှိရသည်။

အဆိုပါ ဆေးတိုက်တွင် ကျောက်တန်းမြို့နယ်မှ အသက် မပြည့်သေးသော ကလေး အလုပ်သမား ခြောက်ဦးခန့် ရှိကြောင်း ကျောက်တန်းမြို့နယ် စာရေးဆရာများ အသင်း၏ စုံစမ်းချက်များအရ သိရသည်။

The Voice Weekly