Home » » ဘုံရည်မှန်းချက်

ဘုံရည်မှန်းချက်

Written By Unknown on Wednesday, June 5, 2013 | 10:01 PM

ယနေ့မြန်မာနိုင်ငံတွင် ယခင်က နိုင်ငံရေးအရ အကျဉ်းကျခံ ခဲ့ရသူများ၊ ပြည်ပရောက် မြန်မာများ၊ ပြည်တွင်းတွင် လက်နက်ကိုင်ကာ အစိုးရကို ဆန့်ကျင် တိုက်ခိုက်ခံသူများ၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးတောင်းဆိုခဲ့သူများ၊ အလုပ်သမားအရေးနှင့် လယ်သမားအရေးတို့ကို လှုပ်ရှား ဆောင်ရွက်သူ များသည် မြန်မာနိုင်ငံ၏ အရေးကိစ္စ အဝဝတွင် ပါဝင် ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရသည်။

ဤသို့ ဆောင်ရွက်ကြမှု အသီးသီး၏ ဘုံရည်မှန်းချက် (ဘုံရည်မှန်းချက်)မှာ မိမိတို့အားလုံး၏ နိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်ကာ နိုင်ငံသား အားလုံး၏ ဘုံအကျိုးစီးပွား(ဘုံအကျိုးစီးပွား)ကို တည်ဆောက်နိုင်စေရေးပင် ဖြစ်ပေလိမ့်မည်။

မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ငါးနိုင်ငံနှင့် နယ်နိမိတ် ဆက်စပ်နေသော လူဦးရေသန်း ၁၃၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံ၊ လူဦးရေသန်း ၁၀၀၀ ကျော် ခန့်ရှိသည့် အိန္ဒိယနိုင်ငံနှင့် လူဦးရေသန်း ၁၆၀ ကျော်ခန့် ရှိမည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတည်း ဟူသော လူဦးရေ များပြားလှသော နိုင်ငံ သုံးနိုင်ငံကြားတွင် ရှိနေသည့် လူဦးရေသန်း ၆၀ ခန့်ရှိသော နိုင်ငံဖြစ်သည်။

ထိုလူဦးရေသန်း ၆၀ ရှိသော မြန်မာနိုင်ငံသည် စည်းလုံးညီညွတ်မှု မရှိခဲ့သဖြင့် (တစ်နည်းအားဖြင့် ဘုံရည်မှန်းချက် မရှိခဲ့သဖြင့်) နိုင်ငံမှာ အဘက်ဘက်တွင် နောက်ကျ ကျန်ရစ်ခဲ့ရသည်ဟု ထင်သည်။
ထိုသို့ဆိုလျှင် ‘ဘုံရည်မှန်းချက်’ ရှိစေရန် လိုအပ်သလို မိမိတို့နိုင်ငံသား များ၏ ‘ဘုံအကျိုးစီးပွား’ကို တည်ဆောက် ပြုပြင် ဖန်တီးသွားရန် လိုအပ်ပေမည်။

ဘုံအကျိုးစီးပွားဟူသည် သန်း ၆၀ သော နိုင်ငံသား အားလုံး၏ သာယာဝပြောမှု အခြေအနေ (Welfare Status)၊ လူနေမှု အဆင့်အတန်း (Standard of living) ကို တစ်စတစ်စ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း၊ ‘မြန်မာလူမျိုး’ ဟူသော ဘုံရပ်တည်မှု အပေါ်တွင် အခြေခံကာ မိမိတို့ အားလုံးသည် အပြန်အလှန် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ စိတ်ဖြင့် နောင်အနာဂတ် ကာလတွင် ရင်ဆိုင် တွေ့ဆုံရမည့် အခက်အခဲ အကျပ်အတည်းများနှင့် အန္တရာယ်များကို ပူးပေါင်း ဆွေးနွေး ရင်ဆိုင်ဖြေရှင်းခြင်း၊ လိုအပ်လာပါက မိမိနိုင်ငံ၏ ပိုင်နက်နယ်မြေကို ပူးပေါင်း ကာကွယ်ခြင်း၊ နိုင်ငံသား တစ်ဦးချင်းစီက ကျန်းမာရေးကို ဂရု ပြုခြင်း၊ နိုင်ငံသား တစ်ဦးချင်းစီက မိမိတို့ ပတ်ဝန်းကျင်ရှိ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း၊ နိုင်ငံသား တစ်ဦးချင်းစီက အပြန်အလှန် လေးလေးစားစား ဆက်ဆံခြင်း၊ နိုင်ငံသား တစ်ဦးချင်းစီက အရေးပေါ် အခြေအနေများ (ရေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး စသောသဘာဝ ဘေးအန္တရာယ်များ၊ အကြမ်းဖက်သမားများ စသော ဘေးအန္တရာယ်များ၊ ကမ္ဘာ့ စီးပွားရေး၊ နိုင်ငံရေး ရုတ်ခြည်း လှုပ်ရှားပြောင်းလဲမှုများ၊ အစရှိသည်တို့) တွင် အေးဆေး တည်ငြိမ်စွာ လျင်လျင်မြန်မြန် အဖြေရှာခြင်း နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း အစရှိသည် တို့မှာ လိုအပ်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် ဘုံရည်မှန်းချက်နှင့် ဘုံအကျိုးစီးပွားတို့သည် ဆက်စပ်မှု ရှိလာပြီး မြန်မာနိုင်ငံ ရေရှည်တည်တံ့စေရန်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် ဟူသည်လည်း အပြန်အလှန် ဆက်စပ်အားကောင်း လာစေမည်ဟု ယူဆသည်။

မြန်မာလူမျိုးတို့၏ ဓလေ့စရိုက်ကို လေ့လာကြည့်သော်၊ မြန်မာလူမျိုး (အများစု)သည် မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်ကြသော်လည်း၊ ၎င်းတို့တွင် ဘုံရည်မှန်းချက် မရှိကြသည်ကို လေ့လာ တွေ့ရှိရသည်။ ယင်းကို ဆက်စပ်စဉ်းစား မိသည်မှာ ဘုံရည်မှန်းချက် မရှိကြခြင်း၏ အဓိက အကြောင်းရင်းမှာ ‘ဘုံအကျိုးစီးပွား’ ကို မတည်ဆောက် နိုင်ခဲ့ခြင်းကြောင့်ဟု တွေးထင်မိသည်။

ထို့ကြောင့် ‘ဘုံအကျိုးစီးပွား’ကို ကောင်းမွန်စွာ တည်ဆောက်နိုင်လျှင်၊ ‘ဘုံရည်မှန်းချက်’ကို တည်ဆောက် နိုင်လျှင် ယင်းတို့သည် အပြန်အလှန် အကျိုးပြုသော လူမှုစီးပွား အခြေအနေသစ် တစ်ခုကို ဖန်တီး ရယူနိုင်မည်ဟု ထင်မြင်မိသည်။

ဒေါက်တာအောင်ကိုကို
(စီးပွားရေးပညာ၊ စီးပွားရေး ပေါ်လစီ)

The Voice Weekly