Home » » မြန်မာရေတပ် ပါကစ္စတန်တွင် ရေငုပ်သင်္ဘော စစ်ရေးလေ့ကျင့်

မြန်မာရေတပ် ပါကစ္စတန်တွင် ရေငုပ်သင်္ဘော စစ်ရေးလေ့ကျင့်

Written By Unknown on Tuesday, June 25, 2013 | 11:52 AM

ဘန်ကောက်၊ ဇွန် ၂၀

မြန်မာ ရေတပ်မတော်မှ တပ်ဖွဲ့ငယ်တစ်ခုနှင့် ပါကစ္စတန် ရေတပ်တို့ ပူးပေါင်းပြီး ရေငုပ်သင်္ဘော စစ်ရေး လေ့ကျင့်မှု တစ်ခုကို ပါကစ္စတန်နိုင်ငံ၌ ပြုလုပ်လျက် ရှိကြောင်း HIS Jane’s Defence Weekly တွင် ဖော်ပြသည်။

မြန်မာရေတပ်မှ အရာရှိ ၂၀ ခန့် သည် မေလဆန်းကပင် ပါကစ္စတန် ရေတပ်နှင့် ပူးတွဲလေ့ကျင့်ရမည့် အခြေခံ ရင်းနှီးမှု တည်ဆောက်ခြင်း သင်တန်း တက်ရောက်ရန် မြို့တော်ကရာချိသို့ ရောက်ရှိနေကြောင်း သံတမန် အသိုင်းအဝိုင်းကို ကိုးကား၍ အထက်ပါ သတင်းတွင် ဖော်ပြထားသည်။

ရေငုပ်ခြင်း၊ ရေငုပ်သင်္ဘော မောင်းနှင်ခြင်းနှင့် ရေအောက် အသံလှိုင်း နားထောင်နည်းတို့ကို သင်ကြား ပေးနိုင်သော ကရာချိမြို့ရှိ ပါကစ္စတန် ရေတပ် ရေငုပ်သင်တန်းကျောင်းတွင် မြန်မာ ရေတပ်ဖွဲ့ အခြေစိုက်နိုင်ဖွယ် ရှိကြောင်း အထက်ပါ စာစောင်တွင် ဖော်ပြထားချက်အရ သိရသည်။

ရေအောက် စစ်ရေး လေ့ကျင့်မှုအတွက် ပြင်သစ်နိုင်ငံထုတ် လှေများကို အသုံးပြုခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် လေ့ကျင့်မှုတွင်
ခေတ်ဟောင်း အမျိုးအစား Hasmat အဆင့် Agosta လှေအစီး ၇၀ နှင့် ခေတ်သစ် အမျိုးအစား Khalid အဆင့် Agosta လှေအစီး ၉၀ ကို အသုံးပြုခဲ့ကြောင်း ယင်းစာစောင်တွင် ရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ့ တပ်မတော်က မည်သည့် သတင်းမျှ မထုတ်ပြန်သေးပေ။
မြန်မာ-ပါကစ္စတန် ရေအောက် စစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန် သံရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ယူ ဖြေကြားပေးမည့်သူ မရှိကြောင်း သံရုံးဝန်ထမ်း တစ်ဦးက ဖြေဆိုသည်။

အာဆီယံ ဒေသတွင်းနိုင်ငံများ နည်းတူ စစ်ဘက်ဆိုင်ရာ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်လာသော မြန်မာ့တပ်မတော်သည် အမေရိကန်-ထိုင်း Cobra စစ်ရေး လေ့ကျင့်မှုတွင်လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ဖူးသည်။

မြန်မာတပ်မတော်သည် လူ့အခွင့်အရေး လေးစားလိုက်နာမှုနှင့် တပ်မတော်ကို အရပ်သား ကွပ်ကဲမှုအောက်တွင် ထားရှိခြင်းစသော နိုင်ငံတကာ စံချိန်စံနှုန်းများ ချို့တဲ့နေသော်လည်း အမေရိကန်၏ အာရှ ထိန်းညှိရေး ပေါ်လစီ (Rebalance to Asia) အရ မြန်မာ့ တပ်မတော်နှင့် စစ်ဘက် ဆက်ဆံရေးကို သတိကြီးစွာဖြင့် ထူထောင်သွားမည် ဖြစ်ကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ Ms.Cathy Wilkinson က ဧပြီလတွင်းက ထုတ်ဖော် ပြောကြားခဲ့သည်။

The Voice Weekly