Home » » လားရိုးမြို့ ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင်များ တိမ်းရှောင်

လားရိုးမြို့ ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင်များ တိမ်းရှောင်

Written By Unknown on Saturday, June 1, 2013 | 7:55 AM

ယခုလ ၂၈ ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း) လားရိုးမြို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ဒေသတွင်း ကူးစက်လာမည်ကို စိုးရိမ်သောကြောင့် မူစယ်မြို့တွင် နေထိုင်ကြသည့် အစ္စလာမ်ဘာသာဝင်အများစု ရှောင်တိမ်းနေကြောင်း အဆိုပါ ဘာ သာဝင် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“မူစယ်မှာတော့ မနေတော့ဘူး ခဏ ရှောင်နေလိုက်တာပေါ့ အဲဒါပိုကောင်းပါတယ် ကိုယ်တွေနဲ့ သူတို့နဲ့လည်း ဘာရန်ငြိုးမှ ရှိတာမဟုတ်ဘူး ကိုယ့်သဘောနဲ့ကိုယ်ရှောင်ထွက်နေလိုက်တာပါပဲ မူစယ်မှာတော့ အစ္စလာမ်ဘာသာဝင် အကုန်လုံးရှောင် သွားကြပါပြီ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုတာမျိုး ဘယ်သူ့မှာမှ မရှိပါဘူး အားလုံးလည်း စိတ်ဆင်းရဲနေတယ် ” ဟု သူက ပြော သည် ။

တချို့မှာ ဆွေမျိုးများရှိရာ တောနယ်ဘက်သို့ ရှောင်တိမ်းကြပြီး တချို့က မူစယ်မြို့နှင့် ကပ်လျှက်ရှိသည့် တရုတ် ကြယ် ဂေါင်ဘက်သို့ ရှောင်တိမ်းကြကြောင်း သိရသည် ။

အဆိုပါ ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် မူစယ် - မန္တလေး GI ခရီးသည်တင် ဘတ်စ်ကားလှိုင်း ရပ် နားထားရသော်လည်း ကုန်စီးဆင်းမှုနှင့် ယာဉ်အသွားအလာများ ပုံမှန်ရှိကြောင်း မူစယ်မြို့ခံတစ်ဦးက ပြောသည် ။

“လားရိုးမှာ ဖြစ်တဲ့နေ့ကတော့ ယာဉ်အသွားအလာတွေ နည်းသွားတယ် အခုကတော့ပုံမှန်ပါပဲ လောလောဆယ် အစ္စလာမ် ဘာသာဝင်တွေ ပိုင်တဲ့ ဘတ်စ်ကားလှိုင်းတော့ နားထားတယ် တခြားလူတွေကလည်း မစီးရဲကြဘူးလေ ” ဟု မြို့ခံက ဆို သည် ။

ယာဉ်အသွားအလာများ ပုံမှန်ရှိသည့်တိုင် လမ်းခရီးနှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်းလည်း သိရသည် ။

“ကားတွေသွားတော့သွားနေပါတယ် နည်းသွားတာပေါ့ လူတွေလည်းကြောက်ကုန်တာပေါ့ သွားကြတဲ့သူတွေလည်း လမ်း ခရီး နှောင့်နှေးမှုတွေ ဖြစ်တယ် တချို့နေရာတွေမှာ ရဲက အထက်ကိုလှမ်းမေး ခွင့်ပြုချက်နဲ့ သွားရတာတွေရှိတယ် ” ဟု နောက်ထပ် မြို့ခံကုန်သည်တစ်ဦးက ဆိုသည် ။

အဆိုပါ ပဋိပက္ခဖြစ်ပွားသည့် ညပိုင်းက မူစယ်မြို့ ၄၅ ကုန်းတွင် လူအများ စုဝေးမှု ရှိခဲ့ပြီး ရဲများအချိန်မီ ရောက်လာသဖြင့် လူစုကွဲသွားခဲ့သော်လည်း ယနေ့အထိ ကောလဟာလ သတင်းအမျိုးမျိုး ထွက်ပေါ်နေကြောင်းလည်း သိရသည် ။

သျှမ်းသံတော်ဆင့်