Home » » မိတ္ထီလာကျောင်းများ လုံခြုံရေးတိုးမြှင့်

မိတ္ထီလာကျောင်းများ လုံခြုံရေးတိုးမြှင့်

Written By Unknown on Saturday, June 8, 2013 | 2:43 PM

မိတ္ထီလာ၊ ဇွန် ၇

မတ်လအတွင်း ပဋိပက္ခဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ရှိ ကျောင်းများကို လုံခြုံရေးတိုးမြှင့်ထားပြီး ကျောင်းသူကျောင်းသား များ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာကျောင်းများရှိ ဆရာ၊ ဆရာမများက အချိန်ပြည့်တာဝန်ယူ ဆောင်ရွက်နေကြောင်း အဆိုပါမြို့နယ် ပညာရေးမှူးရုံး၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"မိတ္ထီလာရဲ့ အစည်ကားဆုံး နေရာခုနစ်ခုမှာ ရဲတပ်ဖွဲ့နဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့က လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ချထားတယ်။ အထူးသဖြင့် ကျောင်းတက် ကျောင်းဆင်းချိန်တွေကို ဂရုစိုက် ဆောင်ရွက်ပေးနေပါတယ်" ဟု မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စဝ်နေလင်းကဆိုသည်။

မိတ္ထီလာမြို့ ရပ်ကွက်များအတွင်းရှိ မူလတန်းကျောင်းများ တွင်လည်း နေ့စဉ် တာဝန်ကျဆရာ သုံးဦးက ကျောင်းမတက်မီ နံနက် ၇ နာရီခန့်တွင် ကျောင်းသို့ အရောက်လာ၍ လုံခြုံရေးတာဝန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မိတ္ထီလာမြို့ရှိ မင်းရပ်ကွက်ရှိ မူလတန်းကျောင်း တစ်ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။

ယင်းအပြင် စာသင်ခန်းတိုင်း တွင်လည်း အတန်းပိုင်ဆရာမနှစ်ဦး ခန့်ထားရှိ၍ တစ်ဦးက စာသင်နေချိန်တွင် ကျန်တစ်ဦးက စာသင်ခန်း၏ လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပြီး စာသင်ချိန်မရှိသည့် ဆရာ၊ ဆရာမများက ကျောင်းလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၄င်းကပြောကြားသည်။
"ကျောင်းဝင်းထဲကို ကျောင်းသူ ကျောင်းသားကလွဲလို့ ဘယ်သူ့ကိုမှ ပေးမဝင်ပါဘူး။ အရင်လို ထမင်းစားကျောင်းဆင်း ချိန်မှာ အပြင်ထွက်လို့ မရတော့ပါဘူး။ ထမင်းဘူး ယူခဲ့ရပါမယ်။ ကျောင်းဆင်းချိန်မှာ မိဘက လာကြိုရပါမယ်။ အချိန်မီမလာနိုင်ရင် ဖုန်းဆက် အကြောင်းကြားရပါမယ်" ဟု ၄င်းကဆိုသည်။

မလိုလားအပ်သည့် ပြဿနာများနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် မိတ္ထီလာမြို့ရှိ ကျောင်းတိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ များကို တာဝန်ချထားပေးရန် လိုအပ်သည်ဟု မိတ္ထီလာမြို့ မင်းရပ်ကွက်ရှိ အ.မ.က (၆)၏ ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးအောင်အောင်ထွန်းက သုံးသပ်သည်။

The Voice Weekly