Home » » တော်ဝင်သစ်အချောထည် စက်ရုံလုပ်သားများ ပြန်လွတ်မြောက်ရေး ဆုတောင်း

တော်ဝင်သစ်အချောထည် စက်ရုံလုပ်သားများ ပြန်လွတ်မြောက်ရေး ဆုတောင်း

Written By Unknown on Monday, June 10, 2013 | 9:23 AM

ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ဖမ်းဆီး ခံထားရသည့် တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သမား ၁၄ ဦး ပြန်လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် စက်မှုဇုန်သုံးခုမှ စက်ရုံအလုပ်သမားနှစ်ရာ စုပေါင်းတောင်းဆိုခြင်းကို ဇွန် ၉ ရက်တွင် ပြုလုပ်ခဲ့သည်။

ဆုတောင်းပွဲတွင် ဖမ်းဆီးခံထားရသည့် တော်ဝင်အလုပ်သမားများ ပြန်လွှတ်ပေးရေး၊ အလုပ်သမားများကို ဖိနှိပ်မှုများ ရုတ်သိမ်းပေးရေး၊ အလုပ်သမားများကို တရားစွဲဆိုမှုများ ရုတ်သိမ်းပေးရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး၊ ခုံသမာဓိ ဆုံးဖြတ်ချက် အကောင်အထည်ဖော်ပေးရေး စသည့် ကြွေးကြော်သံများဖြင့် ဆူးလေဘုရား အနီးမှ စတင်၍ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာနှင့် လှိုင်သာယာ စက်မှုဇုန် သုံးခုမှ စက်ရုံအလုပ်သမား နှစ်ရာနှင့်အတူ ဖမ်းဆီးခံထားရသည့် တော်ဝင်စက်ရုံ အလုပ်သမားများ၏ မိဘများ၊ စက်မှုဇုန်သုံးခုမှ အလုပ်သမား သမဂ္ဂခေါင်းဆောင်း များလည်း ပါဝင်ဆုတောင်း ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက်မှ ကိုကျော်ကျော်မင်းက ''စက်ရုံထဲမှာရှိတဲ့ အလုပ်သမားတွေကို ပိုင်နက်ကျုးလွန်မှုနဲ့ တရားစွဲဆိုတာ ဒီနိုင်ငံတစ်ခုပဲရှိပါတယ်၊ တရားစွဲဆိုခံထားရတဲ့ တော်ဝင်အလုပ်သမားတွေ ပြန်လွတ်မြောက်ဖို့ အလုပ်သမားထု တစ်ရပ်လုံးက ဆက်လက်တောင်းဆို သွားမှာပါ'' ဟု ဆိုသည်။

ဖမ်းဆီးခံထားရသည့် တော်ဝင်စက်ရုံ အလုပ်သမားမမေသူနှင်း၏ မိခင် ဒေါ်ချိုစမ်းက ''ကျွန်မသမီးကို မေ ၁၄ ရက်က အိမ်မှာ လာဖမ်းတာ၊ မနက်မှလာမပို့ရင် ဝရမ်းထုတ်မယ်ဆိုပြီး ရဲတပ်ဖွဲ့ကပြောလို့ ကျွန်မသမီးလေး ကို စခန်းကို သွားပို့ပေးခဲ့ရတယ်၊ အခု တရားစွဲဆိုခံထားရပါတယ်''ဟု ဆိုသည်။

ယခုပြုလုပ်ခဲ့သည့် စုပေါင်းတောင်းဆိုမှုအတွက် ကျောက်တံတားရဲစခန်းတွင် ကြိုတင်ခွင့်ပြုချက် ယူထားပြီးဖြစ်သည်ဟု သရဖူ သံမဏိသံရည်ကျိုစက်ရုံမှ ကိုနော်အောင်က ပြောသည်။

တရားစွဲဆိုခြင်းခံထားရသည့် တော်ဝင်စက်ရုံ အလုပ်သမားကိုနိုင်အောင်သူ၏မိခင် ဒေါ်သန်းဌေးက ''ကျွန်မ သားလေးကို စက်ရုံထဲမှာ ချောင်ပိတ်ဖမ်းဆီးခဲ့ကြတာပါ၊ ကျွန်မမှာ ကလေးခုနစ်ယောက်ရှိပါတယ်၊ ခင်ပွန်းက လေဖြတ်ရောဂါသည်မို့ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရချိန်မှာ ကျွန်မသား နိုင်အောင်သူကို ဖမ်းဆီးခံခဲ့ ရတာပါ'' ဟု ပြောသည်။

တော်ဝင်ဆောင်လုပ်ရေးမှ မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုထွေးက ''အလုပ်သမားတွေကလည်း ရာဇဝတ်မှု ကျုးလွန်ခွင့် ရှိသလား၊ ဒါလေးကို ဆုံးဖြတ်စစ်ဆေးဖို့လိုတာပေါ့၊ သူတို့ကတော့ အဖမ်းခံရရင် လွှတ်ပေးပါဆိုတော့ ရာဇဝတ်မှု ကျုးလွန်တာ ဆန္ဒပြတိုင်း လွှတ်ပေးရမလား . . .၊ အခုက ဆန္ဒပြရင် အကုန်လွှတ်ပေး ရမယ်လို့ပဲ စိတ်ထဲထင်နေ ကြသလားတော့ မသိဘူး၊ အဲလိုဆို လူတွေအကုန်လုံးလုပ်သမျှ အစိုးရက ဘာမှလုပ်ခွင့်မရှိဘူး၊ တရားဥပဒေစိုးမိုးလို့ မရဘူးလို့မြင်တယ်၊ တရားဥပဒေကတော့ တရားဥပဒေအတိုင်းပဲ သွားမှာပေါ့'' ဟု တောင်းဆိုမှုအပေါ်တွင် ၎င်း၏ အမြင်ကို ပြောသည်။

အေးမြင့်စန်း | by Mizzima - News in Burmese