Home » » မအီမြို့ ဆေးရုံတွင် ဆရာဝန် မရှိ၍ တကိုယ်တော် ဆန္ဒပြ

မအီမြို့ ဆေးရုံတွင် ဆရာဝန် မရှိ၍ တကိုယ်တော် ဆန္ဒပြ

Written By Unknown on Sunday, June 9, 2013 | 8:39 PM

(နိရဉ္စရာ- ၉ ဇွန် ၂၀၁၃) / မောင်ရမ္မာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့နယ် နယ်ခွဲ ဆေးရုံရှေ့တွင် ဒေသခံ တစ်ဦးသည် ပိုစတာ တစ်ခုကို ကိုင်ဆောင်ပြီး ယနေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်ဟု သတင်းရရှိသည်။

ဆန္ဒပြရသည့် အကြောင်း အရင်းမှာ မအီမြို့နယ်ခွဲ ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ (၇) လခန့် ကြာမြှင့်နေပြီဖြစ်သဖြင့်ဆရာဝန် တယောက် အမြန်ဆုံး စေလွှတ်ပေးရန် အတွက် တောင်းဆို ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။

တကိုယ်တော် ဆန္ဒပြသူမှာ မအီမြို့မှ ကိုမင်းကြည် (ခ) ကိုမောင်မဲဖြစ်သည်။

မအီမြို့နယ်ခွဲ ဆေးရုံရှေ့တွင် ယနေ့  နံနက် ၈ နာရီခန့်တွင် ဆန္ဒပြခဲ့ပုံကို  မျက်မြင်တဦးက ယခုလို ပြောသည်။

“ ကိုမင်းကြည် (ခ) မောင်မဲက တစ်ကိုယ်တော် ဆန္ဒပြတာကို ဒီကနေ့ နံနက်  ၈ နာရီမှာ ပြုလုပ် ပါတယ်။ သူကိုင်ထားတဲ့ ပိုစတာထဲမှာ “ မအီမြို့နယ်ခွဲ ဆေးရုံတွင် ဆရာဝန်မရှိတာ ၇ လရှိပြီ၊ ဆရာဝန်တဦး အမြန် ဆုံး စေလွှတ်ပေးပါရန်- ဆိုတဲ့ စာတန်းကို ရေးထားပါတယ်” ဟု ဆိုသည်။

မိုးဦးကာလ ဖြစ်သဖြင့် ကလေးငယ်များမှာ သွေးလွန် တုတ်ကွေး ရောဂါ ဖြစ်ပွားနေပြီး လူကြီးများလည်း ရောဂါ အဖြစ်များနေရာ  ဆရာဝန် မရှိ၍ ဒုက္ခရောက်နေကြသည့် အပေါ် မကြည့်ရက်နိုင် ဖြစ်နေသော ကိုမင်းကြည်က ယခုလို ဆရာဝန် တစ်ဦီးကို အမြန်ဆုံး  တာဝန်ပေး စေလွှတ်ရန် တောင်းဆို ဆန္ဒပြခြင်း ဖြစ်သည်ဟု ပြောသည်။

တစ်ကိုယ်တော် ဆန္ဒပြသူ ကိုမင်းကြည်အား သက်ဆိုင်ရာမှ တစုံတရာ လာရောက် ဟန့်တာခြင်းမရှိကြောင်း၊ ဆန္ဒပြပွဲကို မြို့သူမြို့သားများက ၀ိုင်းဝန်း အားပေးခဲ့ကြောင်း၊  တစ်ကိုယ်တော် ဆန္ဒပြပွဲမှာ နံနက် ၉ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း ကျေးရွာသား မျက်မြင်က ပြောသည်။

မအီမြို့ကို အစိုးရမှ များမကြာမီက မြို့နယ်ခွဲ အဖြစ် တိုးမြှင့်ခဲ့သော်လည်း မြို့နယ် ဆေးရုံတွင် ဆရာဝန် တစ်ဦးကို (၇) လကြာသည့်တိုင်အောင် စေလွှတ် တာဝန်ပေးအပ်နိုင်ခြင်း မရှိသဖြင့် ဒေသခံ ပြည်သူများ အကြားတွင် ကျန်းမာရေးနှင့် ပတ်သက်ပြီး အထူး အခက်အခဲ ရှိနေကြသည်ဟု ကျေးရွာသားများက ပြောသည်။

၎င်းပြင် ဆေးရုံတွင် သူနာပြုဆရာမ ၂ ဦးသာရှိပြီး ဆေးဝါးပစ္စည်းများလည်း လုံလုံ လောက်လောက် မရှိဟု သိရသည်။

အလားတူ တောင်ကုတ်မြို့နယ်  တန်းလွဲ(ရွာမ)ကျေးရွာ တိုက်နယ်ဆေးရုံတွင် ဆရာဝန် မရှိသဖြင့် ကျေးရွာသူ ကျေးရွာသားများက ဆရာဝန်တဦး အမြန်ဆုံး ချပေးရန် လိုလားနေကြသည်ဟု သိရသည်။

လူဦးရေ (၂) သိန်း နီးပါးခန့်ရှိသော ပုဏ္ဍားကျွန်း မြို့နယ်တွင်လည်း ဆရာဝန် (၁) ဦးသာ ရှိသဖြင့် ကျန်းမာရေးနှင့် ပတ်သက်လာလျှင် အသေးအဖွဲ့ နာဆိုး ချောင်းဆိုးက အစ ပြည်သူများမှာ စစ်တွေမြို့ပေါ်သို့ သွားရောက် ပြသနေရသည်ဟု ဆိုသည်။

သို့အတွက် ကျန်းမာရေး ၀န်ကြီးဌာနသို့ ဆရာဝန် တောင်းခံရာ ယိုးတရုတ် တိုက်နယ်ဆေးရုံ အတွက် အမျိုးသမီး ဆရာဝန် တစ်ဦးကို ချပေးပြီး ကျန်ဆရာဝန်များကို သင်တန်းတက်နေဆဲ ဖြစ်၍ သင်တန်းပြီးမှ ပို့ပေးမည်ဟု ပြောဆိုကြောင်း ရခိုင် သတ္တု ၀န်ကြီး ဦးအောင်သန်းတင်က ပြောသည်။