Home » » ဟုမ္မလင်း-နမ့်တော ယာဉ်လိုင်းများ ရပ်နားထားမှု ခရီးစရိတ် အဆမတန် မြင့်တက်

ဟုမ္မလင်း-နမ့်တော ယာဉ်လိုင်းများ ရပ်နားထားမှု ခရီးစရိတ် အဆမတန် မြင့်တက်

Written By Unknown on Monday, June 24, 2013 | 7:24 PM

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း-နမ့်တောသွား မော်တော်ယာဉ်လိုင်းများကို ဇွန်လ ၁၈ ရက်နေ့မှ စတင်ကာ ရပ်နားထားမှုကြောင့် ဒေသတွင်း ခရီးသွားလာမှု စရိတ်များ အဆမတန် မြင့်တက်လျက်ရှိကြောင်း ယင်းမြို့ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

"မိုးတွင်းရောက်ပြီဆိုပြီး ဟုမ္မလင်း- နမ့်တောဘက် ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ခရီးစဉ်တွေကို ပိတ်လိုက်တော့ ဆိုင်ကယ် ကယ်ရီတွေနဲ့ပဲ သွားလာရတယ်။ ဒီဒေသက လူတွေအတွက် ခရီးစရိတ်တွေ အဆမတန် မြင့်တက်လာတယ်" ဟု ဟုမ္မလင်းမြို့ခံ တစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်း ဟုမ္မလင်းမှ နမ့်တောသို့ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်း ခရီးစဉ် အတွက် ယာဉ်စီးခ ၇၀၀၀ ကျပ်ဖြစ်ပြီး ဆိုင်ကယ် ကယ်ရီခမှာ သုံးသောင်း ကျပ် ပေးရကြောင်း နမ့်တောမှ ဟုမ္မလင်းမြို့သို့ ပညာရေးကိစ္စဖြင့် လာရောက်သူ ကျောင်းဆရာ တစ်ဦးက ပြောကြားသည်။

"အကန့်အသတ်နဲ့ ပိတ်တာတော့ မဟုတ်ဘူး။ မိုးကာလဖြစ်ပြီး လမ်းအခက် အခဲ ဖြစ်နိုင်တဲ့အတွက် ပိတ်ထားရတာပါ။ မိုးကုန်အထိ ဖြစ်မယ်ထင်တယ်" ဟု ဟုမ္မလင်း အထွေထွေ အုပ်ချုပ်ရေးရုံး တာဝန်ကျ ဝန်ထမ်း တစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

ယင်းခရီးစဉ်သို့ တရားဝင် ပြေးဆွဲနေသော ယာဉ်လိုင်းများ၌ ဂျစ်အသင်းတွင် ယာဉ်ငါးစီး၊ ရွှေနန်းကမ္ဘာ ယာဉ်လိုင်းနှင့် ရှမ်းတောင်တန်း ယာဉ်လိုင်းတို့တွင် ယာဉ် ၂၅ စီးခန့်ရှိကြောင်း ယင်းယာဉ်လိုင်းများ ရပ်နားထားသော်လည်း လုပ်ငန်းလိုင်စင် ရယူထားခြင်းမရှိသော အိမ်စီးကားများဖြင့် တရား မဝင် ပြေးဆွဲမှုများရှိနေကြောင်း အဆိုပါ ယာဉ်လိုင်းများထံမှ သိရှိရသည်။

The Voice Weekly