Home » » ဝ ဒေသတွင် စည်းကမ်းဖောက်ဖျက်သူများကို သေမိန့်ပေးဟုဆို

ဝ ဒေသတွင် စည်းကမ်းဖောက်ဖျက်သူများကို သေမိန့်ပေးဟုဆို

Written By Unknown on Saturday, June 1, 2013 | 3:28 PM

မြစ်ကြီးနား၊ မေ ၃၀

မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ပေးအပ်ထားသော ဝနယ် အတွင်း သတ်မှတ်ထားသော စည်းကမ်း ဖောက်ဖျက်သူများ အပါအဝင် တရားမဝင် စီးပွားရေးလုပ်ကိုင် သူများကို ဖမ်းဆီးရမိပါက သေမိန့်ပေးကြောင်း ဝတိုင်းဒေသ၏ ပြင်ပ ဆက်ဆံရေးဌာနမှ ဦးဆမ်ခွန်းက ပြောကြားသည်။

အထက်ပါ အကြောင်းအရာကို မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမတွင် မေလ ၃၀ ရက် နေ့က ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကေအိုင်အေတို့ ဆွေးနွေးပွဲ တတိယနေ့တွင် ဦးဆမ်ခွန်းက သတင်းမီဒီယာနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"ဝနယ်ထဲမှာ မူးယစ်ဆေးဝါး တွေ့ရင်တော့ ခေါင်းဖြတ်သတ်တယ်" ဟု ၄င်းက ဆိုသည်။

ဝနယ်အတွင်း တရားမဝင် ခိုးဝင်သူများကို သေဒဏ်ပေးခြင်း နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် မှ ဝကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဆိုင်းပေါင်နပ်က သေဒဏ်ပေးခြင်းကို ကြားဖူးခြင်း မရှိကြောင်း The Voice နှင့် သီးသန့် အင်တာဗျူး တွင် ဖြေကြားထားသည်။

ဝသွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် လက်နက်အင်အား အတောင့်တင်းဆုံးဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်ပေးရန် တောင်းဆိုထားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်း တွင် အခြေစိုက်သော ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချုပ်ဆိုခဲ့ပြီး တပ်အင်အား သုံးသောင်းခန့်ရှိသည့် တိုင်းရင်းသားကိုင် အဖွဲ့အစည်းဖြစ်သည်။

The Voice Weekly