Home » » ကလေးသူငယ် ပြုစုစောင့်ရှာက်ရေးနှင့် ပတ်သက်ပြီး ပညာပေးလုပ်ငန်းများ လုပ်မည်

ကလေးသူငယ် ပြုစုစောင့်ရှာက်ရေးနှင့် ပတ်သက်ပြီး ပညာပေးလုပ်ငန်းများ လုပ်မည်

Written By Unknown on Tuesday, June 4, 2013 | 8:01 PM

ပြည်တွင်းတွင် ကလေးသူငယ် ပြုစုစောင့်ရောက်ရေးနှင့် ပတ်သက်ပြီး အားနည်းချက်များရှိနေသောကြောင့် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး ပညာပေးလုပ်ကိုင်ရန်ရှိပြီး ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး စင်တာကိုလည်း ယခုနှစ်အတွင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောသည်။

အဆိုပါ စင်တာကို ဖွင့်လှစ်ရခြင်းမှာ ကလေးသူငယ်များအား ပြုစုစောင့်ရှောက်သော ကိုယ်ပိုင်ကျောင်း၊ စေတနာ့ ဝန်ထမ်းကျောင်း၊ အစိုးရကျောင်းများ၏ စနစ်ကျမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပေးရန်ဖြစ်ပြီး ယင်းစင်တာကို ချော်တွင်း ကုန်းမီးပွိုင့်အနီးရှိ လူမှုဝန်ထမ်းဦးစီးဌာနဝင်းတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်
ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်သည့် ဥပဒေကိုလည်း လွှတ်တော်တွင်တင်ထားပြီးဖြစ်ကာ ဥပဒေပြဋ္ဌာန်းပြီးပါက ယင်းဥပဒေနှင့်အညီ ကလေးသူငယ် များကို ပြုစုစောင့်ရှောက်မှုမရှိလျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ဦးအောင်ထွန်းခိုင်က ''ကလေးသူငယ်စောင့်ရှောက်တဲ့ ကျောင်းဖွင့်တဲ့သူတွေ ပုဂ္ဂလိကဖြစ်ဖြစ်၊ စေတနာ့ ဝန်ထမ်းဖြစ်ဖြစ် စနစ်ကျဖို့ကူညီပေးမယ်။ ပညာပေး သင်တန်းတွေပေးမယ်။ သုတေသနလည်း နိုင်ငံတကာ နဲ့ ပူးပေါင်းဆောင်ရွက်မယ်။ ရလာတဲ့ ပညာကို ဖြန့်ဝေပေးမယ်။ လက်ရှိက အများကြီးလုပ်ဖို့ လိုသေးတယ်'' ဟု ပြောသည်။

လက်ရှိ အနေအထားအရ ပြည်တွင်းတွင် ကလေးသူငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်မှုမှာ ပျမ်းမျှအားဖြင့် ၂၂ ရာခိုင်နှုန်းသာရှိ၍ စနစ်တကျပြုစုစောင့်ရှောက်သည့် ကျောင်းအရေအတွက်မှာ သုံးပုံတစ်ပုံသာရှိသည်။ အခြားကျောင်းများ ရှိသေးသော်လည်း ယင်းတို့မှာ ပုဂ္ဂလိကကျောင်း၊ နိုင်ငံခြားမှ လာရောက်ဖွင့်သော ကျောင်းများလည်း ရှိသည့်အတွက် မြန်မာကလေးများနှင့် ဆက်သွယ်မှု မကိုက်ညီခြင်း များလည်းရှိသည်ဟု ၎င်းကပြောသည်။

အနာဂတ်လုပ်ငန်းစဉ်

နောက်ပိုင်းတွင် အဆိုပါ ကလေးများအား စနစ်တကျ ပြစုစောင့်ရှောက်ခြင်းမရှိသည့် ကျောင်းများကို ဥပဒေအရ စီစစ်မည်ဖြစ်ပြီး အရေးမယူမီပညာပေးကာလတွင် နည်းပညာများ ပေးသွားမည်ဖြစ်ကြောင်း။ လက်ရှိတွင် လူမှုဝန်ထမ်းကျောင်းပေါင်း ၆ဝ ကျော် ရှိပြီး စီမံချက်အလိုက် ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် တကယ်လိုအပ်သည့် နေရာများတွင်လည်း ကလေးသူငယ်များအား ပြုစုစောင့်ရှောက်သောကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းမြင့် | by Mizzima - News in Burmese