Home » » သတိဆွဲခိုင်းပြီး ပါရိုက်ခံရတဲ့ ရဲတပ်သား

သတိဆွဲခိုင်းပြီး ပါရိုက်ခံရတဲ့ ရဲတပ်သား

Written By Unknown on Monday, June 10, 2013 | 5:40 PM

ကျနော်ဟာ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အမှတ် ၁ မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားတဦး ဖြစ်ပါတယ်။

ခေါင်းစဉ်ပါဖြစ်စဉ်မှာ ဇွန်လ ၄ ရက်နေ့က  အမှတ် ၁ မြို့မရဲစခန်းရှေ့မှာ တပ်ရဲတာဝန်ထမ်းဆောင်နေစဉ် ရဲတပ်ကြပ်ကြီး (အုပ်ချုပ်) က ကျနော့်ကို “မင်းနှိပ်တတ်လား” ဆိုပြီး မေးလို့ အုပ်ချုပ်နှိပ်ခိုင်းတယ်ထင်ပြီး နည်းနည်းတော့နှိပ်တတ်ပါတယ်လို့ ပြန်ပြောပါတယ်။

“အုပ်ချုပ်က မြို့နယ်ရဲတပ်ဖွဲ့မှူးကို နှိပ်ပေးဖို့ အပေါ်တက်သွား” လို့ ပြောတဲ့အတွက် ကျနော်က မကျွမ်းကျင်လို့ မနှိပ်ပေးရဲကြောင်း ပြောတဲ့အခါ အုပ်ချုပ်က “သွားလိုက်ပါ” အပေါ်မှာလို့ ပြောပါတယ်။

အုပ်ချုပ်ရဲ့ စေခိုင်းချက်အရ မြို့နယ်ရုံးပေါ်ကိုတက်ပြီး ရဲမှူးကို သွားရောက်သတင်းပို့ပါတယ်။ ရဲမှူးက “နှိပ်တတ်တဲ့ကောင် ခေါ်ခိုင်းတာ တပ်ရဲကိုခေါ်လာတယ်” လို့ ပြောပြီး ကျနော့်ကို “မင်းနှိပ်တတ်လား” လို့ မေးပါတယ်။ မနှိပ်တတ်ဘူးလို့ ပြောတဲ့အတွက် ရဲမှူးက အုပ်ချုပ်ကို သူ့ဆီလာဖို့ ခေါ်ခိုင်းပါတယ်။

ကျနော် အောက်ပြန်ဆင်းပြီး အုပ်ချုပ်ကို ရဲမှူးက အခုလာပါလို့ ခေါ်ကြောင်း သတင်းပို့ပါတယ်။ အုပ်ချုပ်က ကျနော့်ကို လိပ်ပြာကန် ရဲရိပ်သာအတွင်းနေထိုင်တဲ့ ဒုတပ်ကြပ်ကို ထပ်မံခေါ်ခိုင်းခဲ့ပါတယ်။ ကျနော် သွားခေါ်တော့ ဒုတပ်ကြပ်ဟာ ကလိပူးပေါင်းစစ်ဆင်ရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေကြောင်း သူ့ဇနီးက ပြောလို့ သတင်းပို့ဖို့ ပြန်လာခဲ့ပါတယ်။

စခန်းအ၀အရောက်မှာ အပေါ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးပေါ်ကနေပြီး ဟေ့ကောင်— အုပ်ချုပ်ကိုခေါ်ခိုင်းတာ မင်းဘာလို့မခေါ်လာတာလဲဆိုပြီး ရဲမှူးက ဆဲဆိုပါတယ်။ ကျနော်က “ အဘ ကျနော် အုပ်ချုပ်ကို သတင်းပို့ခဲ့ပါတယ်၊ အခု အုပ်ချုပ်ခိုင်းရာမှ ပြန်လာကြောင်း” သတင်းပို့ ပြောကြားပါတယ်။

မင်းအပေါ်တက်လာခဲ့လို့ ရဲမှူးက ဆဲဆိုပြီး ခေါ်လို့ မြို့နယ်ရုံးအပေါ်ထပ် ရောက်သွားတော့ ရဲမှူးက သတိဆွဲခိုင်းပြီး စစ်ဆေးမေးမြန်းတာ မပြုဘဲ ကျနော့်ရဲ့ ဘယ်ဘက် (လက်ဝဲဘက်) ပါးကို နှစ်ချက်ရိုက်ပါတယ်။ အဲဒီအချိန်က အနားမှာ စာပေးစာယူဌာနက တပ်ကြပ်တဦး၊ တပ်ကြပ်ကြီး တဦး၊ ဒုတပ်ကြပ်၊ ၊ ဒုရဲအုပ်နဲ့ တပ်သားတဦးတို့လည်း ရှိနေပါတယ်။

ရဲမှူးက “ငါဟာမြို့နယ်မှူး၊ မင်း— အုပ်ချုပ်နဲ့ ငါ့ကို ဘယ်သူ့ကို ပိုကြောက်လဲ” လို့ မေးပါတယ်။ ထိုမေးခွန်းကို ကျနော်မဖြေခဲ့ပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တက်လှမ်းရောက်ရှိလာတဲ့အချိန်မှာ ဂျပန်ခေတ်က ဖက်ဆစ်ဂျပန်တွေ ရိုက်နှက်သလို ပါးရိုက်နဲ့ နားရိုက်မှုတွေ ရှိနေပါသေးတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးတယောက်ရဲ့ အနှိပ်ခိုင်းခြင်းဟာလည်း လျော်ကန်သင့်မြတ်တဲ့ တာဝန်တရပ်လို့ ယူဆပါသလား။

ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဂုဏ်သိက္ခာရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့မှာ အကြီးအကဲတဦးအနေနဲ့ အောက်လက်ငယ်သား ရဲဘော်တပ်ဖွဲ့ဝင်တွေအပေါ် သတိဆွဲ ပါးရိုက်ပြီး ညစ်ညမ်း စုတ်ပြတ်တဲ့ စကားတွေ ပြောဆိုဆုံးမခွင့် ရှိပါသလား၊ ပြောခွင့်ရှိပါသလား၊ တာဝန်တစုံတရာ ပျက်ကွက်ခြင်းကြောင့် အပြစ်ပေးခံရခြင်း မဟုတ်ဘဲ အကြီးအကဲတဦး ဇိမ်ခံမှုအပေါ် မနှိပ်ပေးခဲ့မိတဲ့အတွက် သတိဆွဲ ပါးရိုက်ခံရခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ သိက္ခာအရမ်းကျပါတယ်။

ထို့ကြောင့် အထက်အကြောင်းအရာ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ထိရောက်စွာ အရေးယူပေးဖို့ ဒီဗွီဘီကတဆင့် တာဝန်ရှိသူတွေကို တိုင်ကြားအပ်ပါတယ်။

အရိုက်ခံရတဲ့ ရဲသား

by ဒီဗွီဘီ