Home » » မလေးရှားရောက် ဖမ်းဆီးခံ မြန်မာများကို နှစ်ပတ်အတွင်း ရုံးတင်မည်

မလေးရှားရောက် ဖမ်းဆီးခံ မြန်မာများကို နှစ်ပတ်အတွင်း ရုံးတင်မည်

Written By Unknown on Friday, June 14, 2013 | 11:32 AM

ရန်ကုန်၊ ဇွန် ၁၃

အကြမ်းဖက်မှု ဂယက်ကြောင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၃၀၇ ဦးကို နှစ်ပတ်အတွင်း ရုံးတင် စစ်ဆေးမည် ဖြစ်ပြီး ပြစ်မှု မရှိသူများသည် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောကြားသည်။

ပြစ်မှု ကျူးလွန်ထားသူများကို ဥပဒေကြောင်းအရ လုပ်ဆောင်မည် ဖြစ်ပြီး အလုပ်ဆက်လုပ် လိုသူများကို သီးခြား စဉ်းစားပေးသွားမည်ဟု မလေးရှားအစိုးရက ဆိုကြောင်း ဦးဇင်ယော်က ပြန်လည် ပြောဆိုသည်။

မြန်မာလုပ်သားများကို အကာအကွယ် ပေးရေးအပြင် မလေးရှားနိုင်ငံတွင် ဖမ်းဆီး ခံထားရသည့် မြန်မာနိုင်ငံသားများကိစ္စ၊ မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် အလုပ်သမားများ မြန်မြန်ဆန်ဆန် ပြန်ခွင့်ရရေးတို့ကို မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တွေ့ဆုံစဉ် ယင်းသို့ ဆွေးနွေးခဲ့ကြောင်း ဦးဇင်ယော်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ပြန်လည် ဖြေကြားထားသည်။

မလေးရှားနိုင်ငံတွင် နေထိုင်ကာ ဆက်လက်အလုပ် လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများကို အကာအကွယ် ပေးရန် မလေးရှားနိုင်ငံ အစိုးရကို ဇွန်လ ၁၃ နေ့တွင် တောင်းဆိုခဲ့ကြောင်း မြန်မာနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောကြားသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက် ခံရမှုများကို ဖြေရှင်းပေးရန်၊ အကာအကွယ် ပေးရန် နိုင်ငံတော် သမ္မတက နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ ဦးဆောင်သည့် အထူး ကိုယ်စားလှယ် အဖွဲ့ကို ဇွန်လ ၁၁ ရက်နေ့တွင် မလေးရှားနိုင်ငံသို့ စေလွှတ်ခဲ့သည်။

အကြမ်းဖက်မှု ဂယက်များကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားများ ယခုရက်ပိုင်း အတွင်းကစတင်ကာ မြန်မာနိုင်ငံသို့ ပြန်လာနေကြပြီ ဖြစ်သည်။

မလေးရှားနိုင်ငံတွင် မေလ ၂၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် အုပ်စုလိုက် အကြမ်းဖက် ခံရမှုများကြောင့် မြန်မာနိုင်ငံသား ခြောက်ဦးထက် မနည်း သေဆုံးခဲ့ပြီး ၂၀ ဦး ခန့် ဒဏ်ရာရရှိခဲ့သည်။

The Voice Weekly