Home » » ငွေအတုများ သုံးစွဲမိသည့် ကားပွဲစားတစ်ဦး အမှုဖွင့်ခံရ

ငွေအတုများ သုံးစွဲမိသည့် ကားပွဲစားတစ်ဦး အမှုဖွင့်ခံရ

Written By Unknown on Wednesday, June 19, 2013 | 7:26 AM

ငွေစက္ကူ အတုများကို လက်ဝယ်ထားရှိ သုံးစွဲမိသူ ကားပွဲစားတစ်ဦးအား တာမွေရဲစခန်းက ဇွန် ၁၆ ရက်တွင် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် ကားပွဲစားတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်က သူရရှိထားသော ငွေအချို့ ကို ငွေစက္ကူအတုဟု သံသယရှိသဖြင့် ဇွန် ၄ ရက်တွင် တာမွေမြို့နယ် မလွှကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် အပ်နှံခဲ့သည်ဟု ရဲဌာန၏ မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

သူအပ်နှံခဲ့သည်မှာ ကျပ်ငါးထောင်တန် ငွေစက္ကူ အတု ၁၅ ရွက်ဖြစ်ပြီး ရဲများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ နောက်တစ်နေ့တွင် သွားရောက်စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ထိုသို့စစ်ဆေးရာတွင် အဆိုပါငွေစက္ကူများမှာ အတုများဖြစ်ကြောင်း တွေ့ရှိရသဖြင့် ရဲများက ဆက်လက်စုံစမ်းခဲ့ရာ ယင်းငွေများကို ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် ကားပွဲစား ဦးဌေးမြင့်ထံမှတဆင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးရုံးသို့ ငွေများ လာအပ်နှံသူ ဦးခင်မောင်မြင့်က ထွက်ဆိုခဲ့သည်။

ထို့ကြောင့် ဦးဌေးမြင့်ကို ငွေစက္ကူအတု သုံးစွဲသူအဖြစ် စွပ်စွဲကာ ရဲအုပ်တင်ဝင်းမောင်က တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး တာမွေရဲစခန်းက အမှုအမှတ်(ပ)၂၄၃/၂ဝ၁၃ဖြင့် အမှုဖွင့်ထားသည်။ စွပ်စွဲခံရသူ ဦးဌေးမြင့်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉(ခ)(ဂ)ဖြင့် တရားစွဲမည်ဟုလည်း ရဲဌာနက သတင်းထုတ်ပြန်သည်။

ဇော်ဇော်ထွေး
by Mizzima - News in Burmese