Home » » ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဧရာဝတီတိုင်း ကျပ်သန်း ၁၀၀၀ သုံးစွဲမည်

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဧရာဝတီတိုင်း ကျပ်သန်း ၁၀၀၀ သုံးစွဲမည်

Written By Unknown on Monday, June 17, 2013 | 12:01 PM

ပုသိမ်၊ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး ကျေးလက် ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ယခုဘဏ္ဍာနှစ် သုံးစွဲရန် ပြည်ထောင်စု အစိုးရထံမှ ကျပ်သန်း ၁၀၀၀ ရရှိထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောကြားသည်။

အဆိုပါ ငွေကြေးများကို သုံးစွဲရာတွင် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများက စနစ်စကျ စီမံသုံးစွဲပြီး စာရင်းစစ်ဆေးမှု ခံယူနိုင်ရန် ဆောင်ရွက်ရမည်ဟု ၎င်းက ပြောဆိုသည်။

ယမန်နှစ်က ငပုတောမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကျပ်သိန်း ၃၀၀ ရရှိပြီး ကျေးရွာ မီးလင်းရေး၊ အတိုးနည်း ငွေချေးခြင်းတို့ ပြုလုပ်ခဲ့သော်လည်း အလုပ်အကိုင် မကောင်း၍
ငွေပြန်ဆပ်သောအခါ ပြင်ပမှ အတိုးနှုန်း ၂၀ ကျပ်ဖြင့် ချေးယူပေး ဆပ်ရသည့် အတွက် အကြွေးသံသရာ လည်နေကြောင်း ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်ကပြောကြားသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရန် ငွေချေးပေးသည်ထက် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း ပုသိမ်မြို့မှ အငြိမ်းစားဝန်ထမ်း ဦးမြအောင်က အကြံပြုသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ သိန်း ၈၀ ကျော်ရှိပြီး လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်သူများ ဖြစ်ကြောင်း တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရုံး စစ်တမ်းများအရ သိရသည်။

The Voice Weekly