Home » » တိလောကမာရဇိန်ဘုရားကြီး ရှေးဟောင်းအရုပ်များ အခိုးခံရ

တိလောကမာရဇိန်ဘုရားကြီး ရှေးဟောင်းအရုပ်များ အခိုးခံရ

Written By Unknown on Friday, June 21, 2013 | 6:33 AM

ကျိုက်လတ်၊ ဇွန် ၁၉

ကျိုက်လတ်မြို့၊ တိလောကမာရဇိန် ဘုရားကြီးပရ၀ဏ်အတွင်း လွန်ခဲ့သော နှစ်ပေါင်း (၉၀)ကျော်က ဆောက်လုပ်ခဲ့သည့် ကုသိနာရုံကြီးတွင်မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပုံဖြစ်တော်စုံကို အရုပ်များထုလုပ်ပြသခဲ့ရာ ၄င်းအရုပ်များအနက်မှ (၁၇)ရုပ် အခိုးခံရမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၆ရက် ည(၁၀)နာရီခွဲအချိန်တွင် ကြွက်ထိုးသူတစ်ဦးက မင်္ဂလာကန်တော်ကြီး ချုံပုတ်အတွင်း ကြွက်ထိုးရင်း ရွှေရောင်ဝင်းနေသော ရဟန္တာအရုပ်ကို တွေ့ရှိရာ ရာအိမ်မှူးအား အသိပေးရာ ၄င်းမှတစ်ဆင့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အကြောင်းကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ အမှတ်(၃)ရယက၊ တိလောကမာရဇိန်ဘုရားကြီး ဂေါပကအဖွဲ့လူကြီးများနှင့် ရောင်တော်ဖွင့် ရေကြည်တော် အသင်းသားများအား ဆက်သွယ်ကာ ယင်းတွေ့ရှိသော နေရာအား ရှာဖွေရာ ရဟန္တာအရုပ်(၃)ရုပ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သေချာစစ်ဆေးကြည့်သောအခါ ကုသိနာရုံအတွင်းမှ အရုပ်များဖြစ်သည်။ ၄င်းကုသိနာရုံအားဖွင့်၍ အရုပ် များအား စစ်ဆေးကြည့်သောအခါ စုစုပေါင်း (၁၀၃)ရုပ်ရှိသည့်အနက်မှ (၁၇)ရုပ်ပျောက်နေကြောင်း (၃)ရုပ် ပြန်တွေ့၍ (၁၄)ရုပ်မတွေ့သေးသည့်အတွက် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် မြန်မာသက္ကရာဇ် ၁၂၅၁-၅၂ ခုနှစ်က သွန်းလုပ်ပူဇော်ခဲ့သော မြို့ကျက်သရေဆောင် တိလောက မာရဇိန်ဘုရားကြီးသည် ယခုအခါ နှစ်ပေါင်း (၁၀၀)ကျော်ခဲ့ပြီဖြစ်၍ သမိုင်းဝင်ဘုရားကြီးတစ်ဆူဖြစ်ပါသည်။   

by Myanmartandawsint Newspaper