Home » » အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဘွဲ့ရလူငယ်

အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဘွဲ့ရလူငယ်

Written By Unknown on Sunday, June 2, 2013 | 6:51 PM

ဒီနေ့တော့ လှိုင်သာယာ စက်မှုဇုံဘက်မှာ အလုပ်တစ်ခုက ခပ်စောစောလေးပဲ ပြီးသွားလို့ တပ်မတော်ခန်းမမှာ ပြုလုပ်တဲ့ အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို သားနှစ်ယောက်နဲ့ အတူ ရောက်သွားတယ်၊

ပြပွဲဝင်ဝင်ချင်းမှာဘဲ လုံခြုံရေး ဝန်ထမ်းတစ်ဦးက ပါလာတဲ့ အိပ်တွေကို ဖွင့်ပြီး စစ်ဆေးတယ် သားငယ်ရဲ့ အိပ်မှာပါလာတာက လုပ်ငန်းသုံး ကရိယာတွေလေ စစ်ဆေးမယ်ဆိုတော့ သားငယ်လဲ သူ့အိပ်ကို ဖွင့်ပေးလိုက်တယ် အထဲက ပစ္စည်းတွေကို ကြည့်ပြီး လုံခြုံရေးဝန်ထမ်းက ခပ်ပြုံးပြုံးလေးနဲ့ ပြောတယ် ရပါပြီတဲ့ ကျုပ်လဲ လုံခြုံရေးဝန်ထမ်းကို ခပ်ပြုံးပြုံး အမူအရာနဲ့ပဲ ပြန်ပြောလိုက်တယ်၊ အလုပ်အကိုင်ကိစ္စဆိုတော့ အလုပ်သမားတွေ လာရတာပေါ့ဗျာ လို့ ပြောတော့ ယဉ်ကျေးပျူငှာစွာနဲ့ပဲ ပြန်ပြောတယ် ဟုတ်ကဲ့ပါခင်ဗျာတဲ့၊

သားငယ်အိပ်ထဲမှာက ဝက်အူလှည့်တွေ ပလာယာတွေ ဂွတွေ ဂွင်းတွေ လျှပ်စစ်တိုင်း ကရိယာတွေနဲ့ ပြည့်နှက်နေတာကိုးဗျ ၊ ခန်းမထဲစဝင်ဝင်ခြင်းမှာတော့ ရုပ်ရည့်သန့်သန့် ကောင်လေးတွေ ခပ်လန်းလန်း ကောင်မလေးတွေက သူတို့ လုပ်ငန်းအသီးသီးရဲ့ ကြော်ညာတွေ ကမ်းလှမ်းပြီး ကြိုဆိုကြတယ် အဝင်မှာတင်ပဲ လက်ထဲမှာတော့ ကြော်ညာ စာရွက်စာတမ်းတွေ တပွေ့တပိုက်နဲ့ပေါ့၊

ခန်းမထဲ ဆက်ပြီးဝင်သွားတော့ ပြည်တွင်းပြည်ပက ကုဏ္ပီတွေရဲ့ လုပ်ငန်းခေါ်တဲ့ နေရာတွေ၊ စကိုင်းနက်မှာ လူခေါ်တာတွေ၊ အခွင်အလမ်းဂျာနယ်တိုက်က အလုပ်ခေါ်တာတွေ မိမိကျွမ်းကျင်ရာ ဘာသာရပ်အလိုက် ဖေါင်ဖြည့် ပေးပြီး အလုပ်အကိုင် ရှာဖွေပေးတဲ့ ကုဏ္ပီတွေ နဲ့ ပြည့်နှက်နေတဲ့ နေရာမှာ ဖေါင်တွေဖြည့် နေတာလည်း ဒုနဲ့ဒေးပေါ့ တချို့ဆိုရင် နှစ်နေရာ သုံးနေရာလောက်မှာ
ဝင်ပြီး အလုပ်လျှောက်လွှာ တင်ကြတာ တွေ့ရတယ်၊

ထူးခြားတာက သူတို့ လုပ်ငန်းတွေမှာ အလုပ်လျှောက်လွှာ တင်ကြရင် လက်ဆောင်ပစ္စည်း တစ်ခုခုတော့ ပြန်ပေးကြတာများတယ်၊ မပေးတဲ့ လုပ်ငန်းတွေလဲတွေ့ရပြန်တယ်၊ ဥပမာအနေနဲ့ ပြက္ခဒိန် ပေးတာ ဘောပင်လက်ဆောင်ပေးတာ အမြင့်ဆုံးကတော့ ရန်ကုန်လမ်းညွှန် စာအုပ်ပေးတာတွေ အထိတွေ့ရတယ်။

ကောင်တာနှစ်ခုဖွင့်ပြီးတော့လဲ ကော်ဖီအေးတိုက်တယ် ကော်ဖီအပူ တိုက်သေးတယ် ကော်ဖီကြိုက်တဲ့ ကျုပ်အဖို့ သုံးကြော့ပြန်သောက်ခဲ့တယ်၊

တပ်မတော်ခန်းမမှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပါတ်သက်လို့ ဒီတကြိမ်နဲ့ဆိုရင် သုံးကြိမ်ရှိသွားပေမယ့် ကျုပ်ရောက်တာက ပထမဆုံးအကြိမ်ဖြစ်နေတယ်။

ခန်းမထဲကို လေးပါတ်လောက် ကြည်ရှုလေ့လာဖြစ်တယ်။ ကျုပ်အရုံစူးစူး စိုက်စိုက်ကြည့်တာ ကတော့ လာကြတဲ့ လူတွေရဲ့ အတန်းအစားနဲ့ အသက်အရွယ်အပိုင်းအခြားကို သေချာလေ့လာကြည့်မိတယ်။

တပ်မတော်ခန်းမမှာ ပြုလုပ်တဲ့ ပြပွဲအတော်များများကို သွားဖြစ်တဲ့ ကျုပ်အနေနဲ့ အခြားပြပွဲလာသူတွေနဲ့ အခုပြုလုပ်လျှက်ရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်း ပြပွဲက ထူးခြားစွာပဲ ကွာခြားမှုတွေကို တွေ့ရတယ် အခြားပြပွဲတွေမှာတော့ ဝယ်နိုင်ခြမ်းနိုင်တဲ့ လူတွေ လာတယ် လင်မယားတွေလာတယ်
လုပ်ငန်းရှင်တွေလာတယ် သူဌေးတွေလာတယ် ပစ္စည်း တွေဝယ်ပြီး ပြန်ကြတယ်။

ဒီပြပွဲမှာက အသက် ၂၀နဲ့ ၃၀ကြားလူငယ်တွေက ၉၀%လာကြတယ် အဲဒီအထဲမှာမှ ၂၃ နဲ့ ၂၅ အကြားလူငယ်တွေက ၉၀% ဖြစ်နေတာတွေ့ရတယ် ကျုပ်လိုအဖိုးကြီး မတွေ့ရဘူး only one ပေါ့ လာကြတဲ့ လူငယ်တွေအများစုကလည်း အလုပ်အကိုင်ရရှိရေးအတွက် စိတ်အား ထက်သန်နေပုံရကြတယ် ဖေါင်တွေဖြည့်ကြတာလဲ အများအပြားပဲ။

လူငယ်လူရွယ်တွေ အလုပ်အကိုင်အပေါ် စိတ်ဝင်တစားနဲ့ အားတက်သရော ဖြစ်နေကြတာတွေ့ရတော့ ကျေပ်နပ်မိသလို တဖက်မှာလဲ သမ္မတကြီးဦးသိန်းစိန် တိုင်ပြည်အပေါ် ပွင့်ပွင့်လင်းလင်း
ဝန်ခံထားတဲ့ စကားတစ်ခုကိုအခြေခံစဉ်းစားမိရင် စိတ်မကောင်းဖြစ်ရသေးတယ်။

သမ္မကြီးဝန်ခံခဲ့တာကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ဘွဲ့ရရှိပြီးလူငယ်တွေကို အလုပ်အကိုင် အပြည့်အဝ မဖန်းတီးသေးနိုင်တာကိုလဲ စိတ်မကောင်းပါဘူး လို့ ရဲရဲဝံ့ဝံ့ ဝန်ခံထားမှု က ဒီနေရာမှာ မျက်ဝါးထင်ထင် မြင့်တွေ့ရခြင်းပါပဲ။

ဒီနေ့ ပြပွဲကို ရောက်လာသူတွေကို လေ့လာကြည့်မိတော့ တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့ရရှိပြီးသူတွေ အများစုဖြစ်နေတာလဲတွေ့ရတယ်လေ။

ဒါတောင်မှ ရန်ကုန်မြို့ရဲ့ မြင်းကွင်းတစ်ခုပါ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ဆိုတဲ့ အတွေးဝင်လာမိပြီး ဆက်ပြီးမတွေးရဲတော့ပါဘူး။

သန်းထွန်း( tgkn)

by Myanmar News Now