ပြည်မြို့၊ မေ ၃၁
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့နယ်တွင် အချုပ်သား တစ်ဦး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မိသားစုက တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ စခန်းမှူးအား တရားစွဲဆိုခဲ့သော အမှုကို မေလ ၂၈ ရက်နေ့က ပလပ်ခဲ့ကြောင်း ပန်းတောင်း မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
မေလ ၂၃ ရက်နေ့က ပန်းတောင်းမြို့ ရဲစခန်းတွင် ချုပ်နှောင်ထားစဉ် လေးရက် မြောက်နေ့၌ သေဆုံးခဲ့သူ ဦးသန်းထွန်းနှင့် ပတ်သက်၍ ဇနီးဖြစ်သူဒေါ်မြင့်ဌေးက ပန်းတောင်းမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားကာ စခန်းမှူးဦးဆန်းလင်းကို တရားစွဲဆိုခဲ့သည်ကို ပလပ်ခဲ့ခြင်းဖြစ်ကြောင်း တရားလို ဒေါ်မြင့်ဌေးက ပြောကြားသည်။
“အချုပ်စကျကတည်းက ဘာဒဏ်ရာ မှမရှိတဲ့ ကျွန်မယောက်ျား အချုပ်ခန်းထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့အတွက် မကျေနပ်ဘူး။ ဒါကြောင့် တရားစွဲတာ”” ဟု ၎င်းကဆိုသည်။
ဦးတိုက်လျှောက်ထားမှုကို ပြစ်မှု ဆိုင်ရာအမှုကြီးအမှတ်၂၃၈/၂၀၁၃၊ ကျင့် ၂၀၀ ဖြင့် တရားလို ကိုစစ်ဆေးခဲ့ပြီး တရားစွဲဆို ခံရသူ ဦးဆန်းလင်းသည် ပြည်သူ့ဝန်ထမ်း ဖြစ်သည့်အတွက် တရား စွဲဆိုရန်အမိန့် လိုအပ်သောကြောင့် ကျင့် ၂၀၃ ဖြင့် ပလပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါမြို့နယ် တရားရုံးထံမှသိရသည်။
ပန်းတောင်းမြို့နယ် ဒန့်ဒလွန် ကျေးရွာအုပ်စု ကြာအင်းကွက်သစ်နေ ဦးသန်းထွန်းသည် တစ်ရွာတည်းနေ ဦးနီနှင့် ခိုက်ရန်ဖြစ်ပွားခဲ့မှု ကြောင့် ပုဒ်မ ၃၂၆ ဖြင့် ပန်းတောင်းမြို့ ရဲစခန်းတွင် ချုပ်ထားကြောင်း၊ ယင်းသို့ချုပ်ထားစဉ် မေလ ၂၂ ရက်နေ့ ည ၆ နာရီဝန်းကျင် အချိန်ကအရက် ကြောင်ကြောင်ကာ အချုပ်သံတိုင်နှင့် ဦးခေါင်းကိုရိုက်နေသဖြင့် တန်းစီးများက ဝိုင်းထိန်းခဲ့ကြောင်း၊ ထပ်မံ၍ ကိုက်ဆွဲရုန်းကန် နေသောကြောင့် လက်ထိတ်ခတ် ထားလိုက်ကြောင်း၊ သို့သော် လက်ထိတ်ခတ်ထားသော လက်ဖြင့်မျက်နှာကို ဆက်ကာဆက်ကာ ထုရိုက်နေကြောင်း၊ နောက်တစ်ရက်တွင် မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့သဖြင့် အမှတ်စဉ်(၄/၂၀၁၃) ဖြင့် သေမှုသေခင်း ဖွင့်ထားခဲ့ကြောင်း ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှသိရှိရသည်။
The Voice Weekly