“နယ်စပ်ကို ကားဖြင့် ဖြတ်ကျော်ရသည့် ခရီးသည် အလွန်စိတ်ဝင်စားစရာ ကောင်းသည့်ခရီး ဖြစ်သည်။ ကျေးလက်၏ အနံ့အသက်များနှင့် လွတ်လပ်မှု များကိုပါ ခံစားနေရသည်”
- ပီရာဝပ် ဂျရိယဆုံဘတ်
ကျေးလက်ကို ဖြတ်သန်းပြီး အမြန်ကားလမ်း တစ်လျှောက် ကျွန်တော် မောင်းနေပါတယ်။ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ လမ်းဘေး ဝဲယာတစ်ဖက် တစ်ချက်မှာ မိုးကုပ် စက်ဝိုင်းအောက် ကျယ်ပြောလှတဲ့ လယ်ကွင်းတွေ တရိပ်ရိပ် ကျန်ခဲ့တယ်။ မွန်လက်ရာ သက်ငယ်တဲအိမ် တွေကလည်း ကျွန်တော့် မျက်စိထဲမှာ မေ့ဖျောက် မရနိုင်တဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ နေရာတိုင်းမှာ မွန် လက်ရာ စေတီပုထိုး တွေကိုလည်း ဖူးတွေ့နေရတယ်။ ကောက်ရိတ်သိမ်းချိန် ရောက်ပြီ ဖြစ်လို့ လယ်ကွင်းပြင် ကြီးတစ်ခုလုံး ရွှေရောင်တွေ ဖုံးထားတယ်။ ဒီမြင်ကွင်းတွေ အားလုံးက ကျွန်တော့်ကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ဆီက “သုဝဏ္ဏဘုမ္မိ” အရှေ့တောင်အာရှ ရွှေခေတ်ဆီသို့ ပြန်ပြီး အမှတ်ရစေပါတယ်။
ကျွန်တော်ဟာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ကားနဲ့ ခရီးထွက်လာတဲ့ အဖွဲ့တစ်ဖွဲ့နဲ့အတူ ပါလာပါ တယ်။ တာ့ခ်ခရိုင် မဲဆောက်ကနေ နယ်စပ်ကို ဖြတ်ပြီး မြန်မာနိုင်ငံထဲကို မြဝတီကနေ ဝင်ရတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ မြဝတီ ဆိုတာက ထိုင်းနိုင်ငံရဲ့တစ်ဖက်ကမ်းမှာ ရှိနေတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
နိုင်ငံခြားသားတွေကို မြန်မာနိုင်ငံက နိုင်ငံအတွင်း ကိုယ်ပိုင်ကားတွေနဲ့ ဝင်ခွင့် ပြုလိုက်ကြောင်း သိထားပေမယ့် ခွင့်ပြုချက် ရဖို့ကတော့ သိပ်လွယ်တဲ့ ကိစ္စတစ်ရပ် မဟုတ်ပါဘူး။ မော်တော်ယာဉ် မောင်းသူတွေ အနေနဲ့ အထောက်အထား စာရွက်ပေါင်း များစွာအပြင် ဘယ်ကိုသွားမယ်ဆိုတဲ့ ခရီးစဉ်ကို သေသေချာချာချ ပြရတာတွေ ရှိရတယ်။ ဒါပေမဲ့ အပင်ပန်းခံရ ကျိုးနပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခရီးစဉ်ကို ခွင့်ပြုချက် ရရှိလိုက်ပါတယ်။
မြဝတီကနေ လေတဝူးဝူး တိုက်နေတဲ့ တောင်ပေါ်လမ်းကို ကျွန်တော်တို့ ဖြတ်ကျော် ခဲ့ကြတယ်။ အဲဒီက တစ်ဆင့် မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ တန်ခိုးကြီးဘုရား တစ်ဆူရှိရာ ကျိုက်ထိုမြို့ကို ကျွန်တော်တို့ ရောက်ခဲ့ ကြတယ်။
ကျိုက်ထီးရိုး တောင်ထိပ်ပေါ်မှာ ကျိုက်ထီးရိုး ဘုရားကို တည်ထားပါတယ်။ ကျွန်တော်တို့ နိုင်ငံခြားသား တွေက ‘Golden Rock’ လို့ သိကြတဲ့ အဲဒီ ‘ရွှေစေတီ’ နေရာဟာ မွန်ပြည်နယ်ရဲ့ နာမည်ကျော် ဘုရားဖူး ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ ကျောက်ဆောင်ကြီး အစွန်းမှာ အံ့သြဖွယ်ရာ ဟန်ချက်နဲ့ တည်နေတဲ့ ကျောက်တုံးကြီးတစ်တုံး အပေါ်က စေတီတစ်ဆူဟာ ဘုရားရှင်ရဲ့ ဆံတော် ကိန်းဝပ်တော်မူရာလို့ ဆိုပါတယ်။
စိမ်းလန်း စိုပြည်နေတဲ့ မွန်ပြည်နယ်ကို ဖြတ်ပြီးတော့ ကျွန်တော်တို့ မြောက်ပိုင်း ရှမ်းပြည်နယ်ဘက်ကို ခရီးဆက်ခဲ့ကြ ပြန်ပါတယ်။ တောင်တန်း ကုန်းမြင့်ကြီး ပေါ်မှာရှိတဲ့ သာမောဖွယ် အင်းလေးကန်ကြီးမှာ အေးချမ်းစွာနဲ့ ကျွန်တော်တို့ တစ်ည အိပ်ခဲ့ပါတယ်။
အင်းလေးကန်ကြီးဆိုတာ သိပ်အကြီးကြီး မဟုတ်ပေမယ့် အင်းသားတွေရဲ့ ဓလေ့၊ စရိုက်၊ ပုံစံတွေကတော့ ဆွဲဆောင်မှု အပြည့် ရှိပါတယ်။ အထူးသဖြင့် သူတို့ရဲ့ ရေပေါ်အိမ်လေးတွေပေါ့။ အင်းသား အများစုဟာ လယ်ယာလုပ်ငန်းနဲ့ ငါးဖမ်းတဲ့ အလုပ်တွေကို လုပ်ကိုင်ကြတယ်။ ငါးဖမ်းလှေတွေကို ခြေထောက်တွေနဲ့ လှော်လာတဲ့ ထူးခြားတဲ့ စတိုင်တွေဟာ ကျော်ကြားပါတယ်။ လှော်တက်ကို ခြေတစ်ဖက် ကထိန်း၊ နောက်ခြေ တစ်ဖက်တည်းနဲ့ လှေပေါ်မှာ ရပ်ပြီး လှေလှော်ပုံက ထူးဆန်းတဲ့ မြင်ကွင်း ဖြစ်နေပါတယ်။ သူတို့ လှေကို ထိုင်လှော်လို့လည်း မဖြစ်နိုင်ပါဘူး။ ကျူပင်တွေ ဖုံးနေတဲ့ ကျွန်းတွေ ကြားထဲမှာ ထိုင်လှော်ဖို့ မဖြစ်နိုင်လို့ သူတို့ မတ်တတ်ရပ် လှော်ကြတာလို့ ထင်ပါတယ်။
အင်းလေးကန်ကနေ ယာဉ်တန်းကြီးက မြန်မာနိုင်ငံရဲ့ ခြောက်သွေ့တဲ့ အပိုင်းမှာ ထင်ရှားတဲ့ နေပြည်တော်ကို ဆင်းလာကြပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့တော်အသစ် တစ်ခုပါ။ ရှစ်လမ်းသွား ကား လမ်းမကြီးတွေနဲ့ လွှတ်တော်ဆီကို ရှုမဆုံးနိုင်တဲ့ လမ်းကျယ်ကြီးအတိုင်း မြင်တွေ့ခဲ့ ရတယ်။ မြို့တော်တစ်ဝိုက် အိမ်ရာ စီမံကိန်းသစ်တွေကို ဆောက်လုပ်နေတာလည်း တွေ့မြင်ခဲ့ရတယ်။
နေပြည်တော် ရောက်တဲ့သူတိုင်း ဥပ္ပါတသန္တိဘုရားကြီးဆီကို အရောက်သွားဖူးလေ့ ရှိကြတယ်။ ရန်ကုန်မှာရှိတဲ့ ရွှေတိဂုံ စေတီတော်ကြီးနဲ့ ပုံတူတည်ထားတာ လို့လည်း ဆိုပါတယ်။ စေတီကြီးရဲ့ အောက်ခြေမှာ ဆင်ဖြူတော်တွေထားတဲ့ နေရာလည်း ရှိတယ်။ ဆင်ဖြူဆိုလို့ ဆွတ်ဆွတ်ဖြူတဲ့ ဆင်ကို မြင်ခဲ့ရတာတော့ မဟုတ်ပါဘူး။ နီကြင်ကြင်၊ ညိုတိုတိုဆင်ကိုပဲ ဆင်ဖြူ အမှတ်နဲ့ မြင်ခဲ့ကြရတယ်။
နေပြည်တော် မြို့သစ်ကနေ မြောက်ဘက် မြို့တော်ဟောင်း မန္တလေးကို အမြန်လမ်းမကြီးက တစ်ဆင့် ဖြတ်သန်းခဲ့ပါတယ်။ မြန်မာ့ရှေးဟောင်း အမွေအနှစ် ယဉ်ကျေးမှုများ စုစည်းရာ မြို့တော်လည်း ဖြစ်ပါတယ်။ မန္တလေးကို ကားမောင်းသွားရတာ အတော်လေး အဆင်ပြေတယ်။ ဘာကြောင့်လဲဆို တော့ မြို့တည်ပုံက လေးထောင့်ကျကျနဲ့ သွားလာရလွယ်ကူ တဲ့အတွက် ဖြစ်ပါတယ်။ မန္တလေး နန်းတော်ကြီးကတော့ တကယ့်ကို ခမ်းနားကြီးကျယ် လှပါပေတယ်။ ပတ်လည် မြို့ရိုး ပြာသာဒ်တွေ ကြားမှာ ကြီးကျယ်စွာနဲ့ နန်းတော်ကြီးကို တည်ထားခဲ့တာ ဖြစ်ပါတယ်။
နန်းတော်ကြီးဟာ မဟာမိတ်တွေရဲ့ ဗုံးဒဏ်ကြောင့် ဒုတိယ ကမ္ဘာစစ် အတွင်းက ပျက်စီးခဲ့ရပေမယ့် မြန်မာတွေရဲ့ အတိတ်ကို ပြန်လည်သတိရ နှိုးဆွနိုင်တဲ့ ဇာတိမာန်နေရာ တစ်နေရာအနေနဲ့ ရှေးမူမပျက် ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
မဟာမြတ်မုနိ ဘုရားကြီးကို မြန်မာနိုင်ငံရဲ့ တန်ခိုးအကြီးဆုံးနဲ့ ရှေးဟောင်း ဘုရားကြီးတစ်ဆူ အဖြစ် ကျွန်တော်တို့ ဝင်ဖူးခဲ့ပါသေးတယ်။ ပုဂံသို့မသွားမီ ကျွန်တော်တို့ နောက်ဆုံးဖူးတွေ့ ခဲ့တဲ့ တန်ခိုးကြီး ဘုရားလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ အဖွဲ့ဟာ ကိုယ်ပိုင်ကားလေးနဲ့ ဆိုတော့ အတော်လေး အဆင်ပြေတယ်။ ကျယ်ပြောလှ တဲ့ ပုဂံဧရိယာတစ်ဝိုက် နေရာအနှံ့ ကားနဲ့လျှောက်ကြည့်၊ ဓာတ်ပုံတွေ ရိုက်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရခဲ့တယ်။
ပုဂံကတစ်ဆင့် ကျွန်တော်တို့အဖွဲ့ အမြန်လမ်းမကြီး အတိုင်း ရန်ကုန်မြို့ဘက်ကို ဦးတည် ထွက်ခဲ့ ပြန်ပါတယ်။ ပုဂံကဆိုရင် ကီလိုမီတာ ၆၅၀ လောက် ဝေးတဲ့ နေရာကိုပေါ့။ ကျွန်တော်တို့ရဲ့ အပြေးအလွှား ခရီးစဉ် အတွင်း မွန်တို့ရဲ့ ရှေးဟောင်း အမွေအနှစ်များ စုစည်းတည်ရှိရာ ပဲခူးမြို့ကို ဝင်ခဲ့ပါသေးတယ်။ ရွှေမော်ဓော ဘုရားကြီးဟာ ပဲခူးမြို့ရဲ့ ထင်ရှားတဲ့ ရှေးဟောင်းအမွေ အနှစ်တစ်ခု ဖြစ်ပါတယ်။ မြို့ရဲ့အမြင့်ဆုံး ကုန်းမြင့်ပေါ်မှာ တည်ထားတဲ့ စေတီတော်ကြီးလည်း ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဆံတော်တွေနဲ့ ၁၀ ရာစုလောက်က တည်ထား ကိုးကွယ်ခဲ့ပြီး အမြင့် ၁၁၂ ဒသမ ၅ မီတာရှိတယ် လို့လည်း သိရတယ်။ မြေငလျင် ဒဏ်ကြောင့် အကြိမ်ကြိမ် ပြိုပျက်ခဲ့ရပြီး မြေခ ခဲ့ရတဲ့ ထီးတော်ကြီးရဲ့ အစိတ်အပိုင်း တစ်နေရာကို စေတီတော် ရင်ပြင်ပေါ်မှာ ဒီအတိုင်း ရှိနေခဲ့တာကိုလည်း တွေ့ခဲ့ရတယ်။
ပဲခူးကနေ အမှတ် (၈) အမြန်လမ်းမကြီး အတိုင်း ကျယ်ပြောလှတဲ့ သံလွင်မြစ် ရှုခင်းတွေကို မြင်ရဖို့ မော်လမြိုင် မြို့ဘက်ကို ကျွန်တော်တို့ ထွက်ခဲ့တယ်။ မြန်မာနဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ပြည်နယ်ကို သံလွင်မြစ်ကြီးက ပိုင်းခြားထားပါတယ်။ သံလွင်မြစ်က သေးတယ်လို့ ထင်ရပေမယ့် မော်လမြိုင်ကို ရောက်ချိန်မှာ နှစ်ကီလိုမီတာလောက် ကျယ်ဝန်းတဲ့ မြစ်ကြီး ဖြစ်သွားပါပြီ။
မော်လမြိုင်မြို့ဟာ တကယ့်ကို လှပတဲ့ ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်ပါတယ်။ ဗြိတိသျှ ဘားမားခေတ် (၁၈၂၆-၁၈၅၂) က ပထမဦးဆုံး မြို့တော် ဖြစ်ခဲ့ပြီး ဗြိတိသျှတို့ရဲ့ ခရစ်ယာန် အယူဝါဒ၊ အိန္ဒိယက ဟိန္ဒူ အယူဝါဒ ယဉ်ကျေးမှုတွေ ပေါင်းစုနေပေမယ့် မွန်ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများ အထွန်းကားဆုံး မြို့တစ်မြို့လို့လည်း ဆိုနိုင်ပါတယ်။
ကျွန်တော်တို့ဟာ မော်လမြိုင်ကနေ ထွက်ခွာပြီး အမှတ် (၈) အမြန် လမ်းမကြီးပေါ်ကို ပြန်တက်ရပြန ပါတယ်။ နောက်တစ်ကြိမ် မြဝတီကို ပြန်ရောက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်လို့ ထိုင်းနိုင်ငံအတွင်း ပြန်လည် ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ခရီးစဉ်ဟာ စုစုပေါင်း ကီလိုမီတာ ၂၇၀၀ ရှိခဲ့ပါတယ်။
(မေလ ၃၀ ရက်နေ့ထုတ် Bangkok Post သတင်းစာပါ Peerawat Jairyasombat ရေးသားသော On The Road in Myanmar ခရီးသွား ဆောင်းပါးကို မြန်မာမှုပြုပါတယ်။)
The Voice Weekly