Home » » ထိုးကြပြန်ပြီ စင်ကာပူထီ

ထိုးကြပြန်ပြီ စင်ကာပူထီ

Written By Unknown on Wednesday, June 26, 2013 | 12:20 PM

သူ့အိတ်ထဲက ထီလက်မှတ်တွေ ကို ထုတ်ပြီးစားပွဲပေါ်ချလိုက်တာနဲ့ မယဉ် ယဉ်လှ (အမည်လွှဲ)၏ သမီး အငယ်မလေးက ထအော်သည်။ ''အမေ, ဒီတစ်ခါထိပ်စီးနှစ်ဂဏန်းကို မထိုးနဲ့။ ပြီးခဲ့တဲ့လကထွက်သွားတဲ့ ပထမ ဆုက ထိပ်စီးနှစ်ကြီးလေ။ ဒီလ ထိပ်စီးကို တစ်, သုံး, လေးပဲထိုးပါ အမေရ'' စာကြည့်စားပွဲမှာထိုင်ရင်းလည်ပြန် လှမ်းအော်လိုက်တဲ့ သမီးစကားကြောင့် မယဉ်ယဉ်လှ ထိပ်စီး သုံးဂဏန်းထဲကပဲ ထီလက်မှတ် ငါးစောင်ရွေးလိုက်ပြီး ထီလက်မှတ်ဖိုးပိုက်ဆံ ထုတ်ပေးလိုက်သည်။

''အစ်မ, အောင်ဘာလေထီ'' ဟူ သောစကားကို မျက်နှာရှုံ့မဲ့စွာတုံ့ပြန်လိုက် သည်။ မယဉ်လှကြောင့် ကိုအောင်အောင် (အမည်လွှဲ) ဟက်ဟက်ပက်ပက်ရယ်မော မိလိုက်သည်။''အခုနောက်ပိုင်း စင်ကာပူထီက လူကြိုက်များလာတယ်အစ်ကိုရ။ ဆုငွေ က မက်လောက်တာရယ်၊ ပေါက်နိုင်ခြေက လည်း များတာရယ်ကြောင့် ထီဈေးကြီး တာကို လူတွေ ဂရုမစိုက်တော့ဘူး'' ဟု ကိုအောင်အောင်က ပြောသည်။ပြည်တွင်း အောင်ဘာလေထီ လက် ပွေ့သည်အဖြစ် နှစ်ပေါင်းဆယ်နှစ်ထက် မနည်းရပ်တည်လာခဲ့သော ကိုအောင် အောင် လွန်ခဲ့သည့် တစ်နှစ်ခန့်မှစ၍ စင်ကာပူထီရောင်းသည့် အလုပ်ကို တွဲလုပ်လာခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်လည်း အစက ထိုးတာ ဗျ။ ဒေါ်လာ နှစ်ထောင်လား မသိဘူး။ တစ်ခါပေါက်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် လောက်က။ နောက်တော့ ဒါလေးတွဲလုပ် ရင် ပိုကောင်းမယ်ဆိုပြီး လုပ်တာ'' ဟု ၎င်းကပြောသည်။စင်ကာပူဒေါ်လာ နှစ်ထောင်၊ မြန်မာငွေနှင့်တွက်လျှင် ဆယ်သိန်းကျော်ခန့် သောငွေပမာဏသည် လွန်ခဲ့သည့်နှစ်နှစ် ကျော်ခန့်ကဆိုလျှင် အတန်အသင့် တန် ဖိုးရှိသေးသော်လည်း ကိုအောင်အောင်အ ဖို့ကြွေးမျှပင်ကျေရန် မစွမ်းသာနိုင်ခဲ့ဟု သိရသည်။

''ပါနီထဲက လာတဲ့ရေ၊ ပါနီထဲပဲသွား တယ်'' ဟု ဆိုသည့်စကားပုံကို ဤနေရာ တွင် သုံးနှုန်းရမည်ထင်သည်။ ကြိုးစား အားထုတ်မှုမပါဘဲ လွယ်လင့်တကူရသော ဥစ္စာဓနတို့သည် တည်တံ့မှု နည်းတတ် သည်ကိုကား လူတော်တော်များများ လက်ခံလာကြပေမည်။အနောက်နိုင်ငံတို့ကမူ လက်လွတ် စပယ်လက်မခံ။ ချက်နှင့်၊ လက်နှင့်၊ သုတေသနဖြင့် ဖော်ပြကြသည်။ထီဆုကြီးပေါက်သူ ၁ဝ ဦးလျှင် ၇ ဦးသည် ၃ နှစ်အတွင်း မူလအဆင့် အတန်းထက်ပို၍ နိမ့်ကျသော ဘဝသို့ ရောက်သွားကြပြီး ၂ ဦးမှာ မူလအခြေ အနေသို့ ပြန်ရောက်သွားကာ ၁ ဦး သည်သာလျှင် ထီဆုငွေကို အကြောင်း ပြု၍ ပိုမိုမြင့်မားသောဘဝအဆင့်အတန်း သို့ရောက်ရန် စွမ်းဆောင်နိုင်သည်ဟု စစ် တမ်းတစ်ခုကဆိုထားသည်။

၎င်းစစ် တမ်းကို ထီဆုကြီးပေါက်သူ ၅ဝဝ ကျော် အား လေ့လာသုံးသပ်ပြီး လွန်ခဲ့သည့် ၃ နှစ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

''ဘယ်ကဘယ်လို ကုန်သွားမှန်းကို မသိပါဘူးမောင်ရင်ရယ်။ ကံပေါ့။ မထိုက် လို့မမြဲတာလို့ဘဲ ယူဆပါတယ်။ ထီပေါက် တဲ့ငွေနဲ့ ရွာက စေတီကို ပြုပြင်နိုင်ခဲ့တာ ကပဲ သံသရာအတွက်အမြတ်ထွက်တာ ပေါ့'' ဟု ပုသိမ်မြို့ ကင်မလင်းကျွန်းရပ် ကွက်မှဦးလှရွှေကပြောသည်။ ထီမပေါက် ခင်က ဆိုက်ကားသမားဖြစ်ခဲ့သော ဦးလှ ရွှေ ထီသိန်း ၁၇ဝဆုပေါက်ပြီး ၅နှစ်အကြာ မှာတော့ ဘိလိယက်ခုံမာကာ (အမှတ်စာ ရင်းမှတ်သူ) ဘဝသို့ ပြောင်းခဲ့ရသည်။

ဦးလှရွှေကဲ့သို့သောအဖြစ်မျိုး မြန် မာနိုင်ငံတွင်သာမက ကမ္ဘာအနှံ့တွင်ပါ ရှားပါးလိမ့်မည်မဟုတ် ဆိုသည်ကိုတော့ လူအများလက် ခံထားကြပေလိမ့်မည်။ ဗုဒ္ဓဘာသာအလို အရ ''ကံ ကံ၏အကျိုး'' ကို လက်ခံ ထားကြသော မြန်မာအများစုကား ပို၍ လက်ခံပေကြလိမ့်မည်။ သို့ရာတွင် ဖြစ်နိုင်ခြေ ပိုများသော ကိစ္စရပ်တို့ကို ပိုမို စိတ်ဝင်စားတတ်သည်ကား လူသားအ များစု၏ ဘုံတူညီချက်ဟု ဆိုရမည်။

ပြည်တွင်း အခွန်များ ဦးစီးဌာနက တရားဝင်ထုတ်ပြန်ရောင်းချသော အောင် ဘာလေထီရှိနေသည့်တိုင် မြန်မာနိုင်ငံ၏ မြို့ကြီးအချို့တွင် စင်ကာပူထီထိုးခြင်း အလေ့အထပျံ့နှံ့လာသည်က ဖြစ်နိုင်ခြေ (possibilities) နှင့် မက်လုံး (incentive) တို့အပေါ် မူတည်မည်ဟု ကောက်ချက် ချ၍ ရနိုင်စရာ ရှိသည်။စင်စစ် အောင်ဘာလေထီသည် ကိုလိုနီခေတ် ၁၉၃၈ ခုနှစ် ဇွန်လ ၁ ရက် နေ့မှစတင် သန္ဓေတည်ခဲ့သည်ဟု ဆိုနိုင် သည်။ ကိုလိုနီခေတ်တွင် ''မြန်မာပြည်အစိုးရ ထီအုပ်ချုပ်ရေးအရာရှိရုံး'' မှ ဖွင့်လှစ် ရောင်းချခဲ့ပြီး ဂျပန်ခေတ်တွင် ''ဗမာ နိုင်ငံတော်အစိုးရ၊ အောင်မင်္ဂလာသိန်း ဆုတော်ရုံထို့နောက် ဂျပန်အပြေး မဟာ မိတ်အဝင်ကာလတွင် ''အစိုးရသိန်းထီ ဌာန'' အဖြစ်ပြောင်းလဲပြီး လွတ်လပ်ရေး ရပြီးချိန်မှစ၍ အောင်ဘာလေသိန်းဆု အဖြစ် ဖွင့်လှစ်ရောင်းချပေးခဲ့သည်။

စတင်ဖွင့်လှစ်ရောင်းချစဉ်က ၂ ကျပ် တန် ထီလက်မှတ်ဖြစ်ပြီး ယခု အခါ ၂ဝဝ ကျပ်တန် ထီစနစ်သို့ ပြောင်းလဲခဲ့ပြီး ဆု ငွေအမြင့်ဆုံး ကျပ်တစ်သိန်းမှ သိန်း ၁၅ဝဝ သို့ တိုးမြင့်လာခဲ့သည်။အောင်ဘာလေ ထီရောင်းရငွေ၏ ၄ဝ ရာခိုင်နှုန်းကို အောင်ဘာလေသိန်း ဆုခွန်အဖြစ်ကောက်ခံပြီး ကျန်၆ဝ ရာခိုင် နှုန်းကို ထီဆုငွေအဖြစ် ခွဲ ဝေပေးသည်ဟု သိရသည်။အောင်ဘာလေထီကို မြန်မာနိုင်ငံ၏ တောနေ၊ မြို့နေအားလုံးလိုလိုက ဝယ်ယူ ကံစမ်းကြပြီး အမှန်တကယ်လည်း အတိတ်ကံ အပေါ် အားကိုး၍ ကံစမ်းခြင်းဖြစ်သည်။

''အို, အမေဆို ထီလစဉ်မပျက်ထိုး လာတာ နှစ်ပေါင်းကိုငါးဆယ်ထက်မနည်း ရှိရောပေါ့။ ဟိုးခပ်ငယ်ငယ် အဖေရှိစဉ် ကတည်းက တစ်ခါမှ မပေါက်ဖူးတာ။ ကံပေါ့။ ရှေးကံနည်းခဲ့တယ်လို့ပဲ ပြောရ မှာပေါ့''ဟု ဒလမြို့နယ်မှ အသက် ၆၈ နှစ် အရွယ်ဒေါ်ဒေဝီလင်းက ပြောသည်။

သူသာမဟုတ်၊ သူတို့အနီးအ နား ပတ်ဝန်းကျင်တွင် ထီပေါက်သည်ဟုလည်း မကြားမိခဲ့ဟု ဆိုပါသေးသည်။ဤကဲ့သို့သော ကံပုံအားကိုး ကံစမ်း ကြသူများရှိသကဲ့သို့ ဖြစ်နိုင်ခြေနှင့်မက်လုံး အပေါ်အခြေပြု၍ကံစမ်းကြသည်များလည်း ရှိပါသည်။ ထိုသူများကြားတွင် စင်ကာပူထီ ထိုးသည့်အလေ့အထပျံ့နှံ့လာနေပါသည်။''ပထမဆုက စင်ကာပူဒေါ်လာ ၂ ဒသမ ၃ သန်းဗျာ။ မြန်မာငွေနဲ့ဆို သိန်း ပေါင်း ၁၇ဝဝဝကျော်တယ်။ ပြီးတော့စောင် ရေက ၄သန်း၊ အတိအကျသိရတယ်။ အောင်ဘာလေလို စောင်ရေဘယ်လောက် မှန်း မသိရတာမျိုးမဟုတ်ဘူး။ ဒါကြောင့် စိတ်ဝင်စားတာ'' ဟု ကျောက်တံတားမြို့ နယ်မှ လူလတ်ပိုင်းအရွယ် ကိုကြည်သာ က ပြောသည်။

စင်ကာပူနိုင်ငံတွင် တရားဝင်ဖွင့်လှစ် ရောင်းချနေသော တစ်လတစ်ခါ ဖွင့်လှစ်သည့် the Singapore Sweep အမျိုးအစားထီအားဝယ်ယူ၍ မြန်မာနိုင်ငံ တွင် ပြန်လည်ရောင်းချနေခြင်း ဖြစ်သည်။ ဂဏန်း ၇ လုံးပါရှိပြီး ထိပ်စီးဂဏန်းကို ၁,၂,၃,၄ အထိသာ ရိုက်နှိပ်သဖြင့် စောင် ရေ ၄ သန်းဟု သိကြရပြီး အမြင့်ဆုံး စင် ကာပူဒေါ်လာ၂ ဒသမ ၃သန်း၊ အနိမ့်ဆုံး စင်ကာပူ ၆ဒေါ်လာအထိဟု သိရသည်။ယခုအချိန်အထိ မြန်မာနိုင်ငံမှ အမြင့်ဆုံး ပထမဆု မပေါက်သေးသော် လည်း အလယ်အလတ်ဆုများ ပေါက်
နေကြောင်း သိရသည်။

''ပြီးခဲ့တဲ့လက ကျွန်တော့်ဆီမှာ ဒေါ်လာ ၁ သောင်းဆု ၂ယောက် ပေါက် တယ်။ ၆ ဒေါ်လာပြန်ရတဲ့ 2D တွေက တော့အများကြီးပဲ'' ဟု လမ်းမတော်မြို့ နယ်မှ စင်ကာပူထီရောင်းသူတစ်ဦးထံမှ သိရသည်။ ဂဏန်း ၂လုံးပါသော 2D ထီ ဆု ၉ ကွက်အတွက် ဆုပေါင်း ၃၁၅ဝဝဝ အထိချီးမြှင့်ခြင်းသည်လည်း လူကြိုက်များ စေသည့်လုပ်ရပ်တစ်ခု ဟု၎င်းကရှုမြင်သည်။''ကိုယ့်ထီလက်မှတ်က နောက်ဆုံး ဂဏန်း ၂ လုံးက အဲဒီ 2D နဲ့ တူရင်ပဲ ၆ ဒေါ်လာပြန်ရတာဆိုတော့ ဘာရယ်မဟုတ်ဘူး။

ကျေနပ်တာပေါ့'' ဟု ၎င်းကပြောသည်။ဖြစ်နိုင်ခြေနှင့် မက်လုံးပိုများသကဲ့ သို့ပင် ထီလက်မှတ်ဈေးကလည်း ကြီး မြင့်ပါသည်။ စင်ကာပူအစိုးရက ထီလက် မှတ်ဈေးကို စင်ကာပူ ၃ ဒေါ်လာ သတ် မှတ်ထားသော်လည်း မြန်မာနိုင်ငံရောက် 'စ'လုံးထီဈေးကတော့ သုံးထောင်အောက် မလျော့ပါ။ တချို့က ကျပ် ၃၁ဝဝ ပေးရ ပြီး တချို့နေရာများတွင်ကျပ် ၃၅ဝဝအထိ ရှိနေကြောင်းဈေးကွက်အတွင်းမှ သိရသည်။

''အများစုကတော့ လူငယ်တွေ၊ အထက်တန်းစားတွေပေါ့။ တစ်စောင် သုံးထောင်ဆိုတာ နည်းမှမနည်းတာ။ ဒါ ပေမဲ့ သူ့ပရိသတ်နဲ့သူပေါ့ဗျာ'' ဟု တာ မွေမြို့နယ်မှ စင်ကာပူထီအရောင်းသမား ကိုလှသွေး (အမည်လွှဲ)က ပြောသည်။ ထီပေါက်ပါက ဆုငွေကို စင်ကာပူနိုင်ငံ သို့ ကိုယ်တိုင်လည်း သွားရောက် ထုတ် ယူနိုင်ပြီး ၎င်းတို့ (ကိုယ်စားလှယ်)ထံတွင် ထုတ်ယူပါက ဝန်ဆောင်ခအနေဖြင့် ၅ ရာခိုင်နှုန်း ရယူသည်ဟု ၎င်းကဆိုသည်။လူသည် အသစ်အဆန်းကို မက် မောတတ်သည့် သဘာဝအပြည့်ရှိသည့် အတိုင်း စင်ကာပူထီသည် မြန်မာ့လူ့ အသိုင်းအဝိုင်းတစ်ခုအတွင်း ပျံ့နှံ့နေခဲ့ သည်မှာ အတော်လေးကြာမြင့်ခဲ့ပြီ။

ရေသေပမာဖြစ်နေသောမြန်မာ တို့၏ အောင်ဘာလေထီ၊ ဖြစ်နိုင်ခြေနှင့် မက်လုံးတို့ကြောင့်ဟု ဆိုသော်လည်း သတိထားရမည်က စင်ကာပူထီသည် ဤ နိုင်ငံတွင် တရားမဝင်ခြင်းပင်။''ဒီနိုင်ငံမှာ အောင်ဘာလေကလွဲပြီး ဘာလောင်းကစားမှ တရားဝင်တာမရှိ ဘူး။

တရားမဝင်လောင်းကစားမှုပဲ။ ပြစ် မှု ထင်ရှားရင်ပုဒ်မ ၂၉၄/ကအရ အရေး ယူခံရနိုင်တယ်''ဟု ပြည်တွင်းအခွန်ဦး စီးဌာနအောင် ဘာလေထီဌာနညွှန်ကြား ရေးမှူးဦးသိန်းနိုင်ကပြောသည်။မြန်မာနိုင်ငံတွင် စင်ကာပူထီ ရောင်းဝယ်ခြင်းမှာ တရားမဝင် သော်လည်း စင်ကာပူထီပေါက်၍ စင်ကာပူအစိုးရထံတွင် အခွန် ဆောင်ပြီးကြောင်း အထောက်အ ထားတင်ပြနိုင်ပါက ယင်းငွေများ သည် မြန်မာနိုင်ငံသို့ တရားဝင် ငွေကြေး (ငွေဖြူ)အနေဖြင့် စီးဆင်း လာမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အခွန် ထပ်မံကောက်ယူခြင်း မရှိတော့ဟု သိရသည်။

''စင်ကာပူနဲ့ မြန်မာက Double Taxation Agreement ထိုးထားတော့ စင်ကာပူထီပေါက်လို့ စင်ကာပူ အစိုးရကို အခွန်ဆောင်ပြီးရင် ငွေဖြူ ပဲ။ မြန်မာကထပ်ပြီး အခွန်မကောက်ရ တော့ဘူး'' ဟု ဦးသိန်းနိုင်က ဆိုသည်။Double Taxation Agreement ဆိုသည်မှာ နိုင်ငံနှစ်နိုင်ငံ၏ အခွန်ဌာန များက အခွန်နှစ်ကြိမ် ကောက်ခံမှုကို ရှောင်လွှဲရေးအတွက် ရေးထိုးထားသော သဘောတူညီချက် ဖြစ်သည်။တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ ငွေဖြူဖြစ်ဖြစ် ငွေမည်းဖြစ် ဖြစ် အခြားတရားမဝင် လောင်းကစားများ နည်းတူ ဤစင်ကာပူ ထီဈေးကွက်က ရှိမြဲရှိနေမည်သာ ဖြစ်သည်။

''လုပ်လေ၊ အောင်ဘာလေကို အဲ့ဒီ လို သွက်လက်လာအောင် မက်လုံးတွေများ လာအောင်လုပ်လေ။ အဲဒီလိုမှ မဟုတ်ရင် တော့ ဖမ်းလည်းဘာမှမဖြစ်ဘူး။ နှစ်လုံး၊ သုံးလုံးတောင် ဒီလောက်ဖမ်းတာတောင် ရှိနေတာပဲလေ''ဟု စင်ကာပူထီလစဉ် ကျပ် ၁ဝသိန်းကျော်ဖိုးထိုးလေ့ရှိသူ စီး ပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။မြန်မာသည် တံခါးပိတ်နိုင်ငံ မဟုတ်
တော့။ သံဖနောင့်အောက်က လွတ်မြောက် ပြီး စီးပွားရေးလုပ်ငန်း အားလုံး၏ မျက်စိ ကျရာ ဖူးသစ်စ ဈေးကွက် အရှိန်အ ဟုန်နှင့်ဖြစ် လာတော့မည်။ ပြောင်းလဲမှု များအတွက် ကဏ္ဍ စုံက ကသောကမျော ပြင်ဆင်နေကြရပြီ။

ပြည်တွင်းအခွန်ဦးစီးဌာန၏ အောင် ဘာလေထီသည် အခွန်ရှာဖွေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာ နိုင်ငံ၏ တစ်ခုတည်းသော တရားဝင် လောင်းကစားလုပ်ငန်း လည်း ဖြစ်သည်။ အောင်ဘာလေထီဈေးကွက်ကို ဖဲ့ယူ မည့်သူများအား ယခင်က စိတ်ကြိုက်နှိမ် နင်းပြီး ဈေးကွက်လက်ဝါးကြီးအုပ်ထား ခဲ့သော်လည်း ယခုကဲ့သို့ တံခါးဖွင့်ကာလ တွင်မူ အခြားကဏ္ဍများနည်းတူ ပြင်ဆင် ပြောင်းလဲဆန်းသစ်မှု ပြုရတော့မည်။မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင် လောင်းကစားလုပ်ငန်းကြီး
အောင်ဘာလေထီသည် များမကြာမီ စိန်ခေါ်မှုများကို ရင်ဆိုင်ရတော့မည် ဆိုသည်ကား သေချာလှပါသည်။

ကျော်ရဲလင်း၊ ရန်နိုင်

Popular Myanmar News Journal