Home » » ကချင်စစ်ပွဲသေဆုံးခဲ့ရသူတွေအတွက် ရန်ကုန်မှာ လမ်းလျှောက်ဆုတောင်း

ကချင်စစ်ပွဲသေဆုံးခဲ့ရသူတွေအတွက် ရန်ကုန်မှာ လမ်းလျှောက်ဆုတောင်း

Written By Unknown on Sunday, June 9, 2013 | 10:11 PM

ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားတဲ့ (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သေဆုံးခဲ့သူတွေကို ရည်စူးပြီး လမ်းလျှောက် ချီတက်ပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

ငြိမ်းချမ်းရေးလိုလားတဲ့ အဖွဲ့အစည်းတွေက လူဦးရေ (၁၅၀) ကျော်ဟာ လွမ်းသူ့ပန်းခွေတွေ ကိုင်ဆောင်ကာ ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့ကနေ အလုံမြို့နယ်မှာရှိတဲ့ တေဇောရတနာရာမဘုန်းကြီးကျောင်းတိုက်အထိ လမ်းလျှောက်ကြပြီး ဆုတောင်းအမျှ ပေးဝေခဲ့ကြပါတယ်။

ကချင်ပြည်နယ် စစ်ပွဲတွေအတွင်း သေဆုံးခဲ့ကြတဲ့ အစိုးရနဲ့ ကေအိုင်အို တပ်ဖွဲ့ဝင်တွေ အပြင် ဒေသခံ ပြည်သူတွေ အားလုံးအတွက် ဆုတောင်းပေးကြတာလို့ ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင် မခင်စန္ဒာညွန့်က RFA ကို အခုလို ပြောပါတယ်။

“ ပြည်တွင်းစစ်ကြောင့် သေဆုံးသွားတဲ့အကုန်လုံးအတွက် သေဆုံးသွားတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး စစ်တပ်၊ တပ်မတော်သားများ အကုန်လုံးပေါ့နော် အားလုံးအတွက် အမျှမဝေဆုတောင်း မေတ္တာပို့တဲ့ အခမ်းအနားကို လုပ်တာဖြစ်ပါတယ်၊ ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ အမြဲမပြတ်အမှတ်ရနေစေဖို့ ဒီထဲမှာ ပူပေါင်းပါဝင်နေဖို့အတွက် ကျွန်မတို့ တွေလုပ်ရမယ့်ကိစ္စပါ၊ အမြဲတွန်းတင်ထားရမယ့်ကိစ္စပါ ရပ်လိုက်လို့ မရပါဘူး”

ဒီကနေ့ ဆုတောင်းပွဲကို နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ လိုင်ဇာချီတက်လမ်းလျှောက်အဖွဲ့၊ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့အပါအဝင် အရပ်ဖက်လူ့အဖွဲ့အစည်းပေါင်း (၂၀)ကျော် ပါဝင်ခဲ့ကြပါတယ်။

အလားတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာလည်း မြိုခံလူထုတွေက ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။

RFA Burmese