Home » » ထွန်တုံးတိုက်ပွဲဝင် တောင်သူ ၁၃ ဦး တရားစွဲခံရ

ထွန်တုံးတိုက်ပွဲဝင် တောင်သူ ၁၃ ဦး တရားစွဲခံရ

Written By Unknown on Tuesday, June 11, 2013 | 6:54 AM

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြေးတောင်ကျင်းကျေးရွာ နဲ့ ဒေါင်းတိုက်ရွာက လယ်သမား ၁၃ ဦးကို အဲဒီမြို့မှာ အခြေစိုက်တဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံ က.ပ.စ (၅)က သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးလို့ဆိုပြီး ထုံးဖိုရဲစခန်းက တရားစွဲထားတယ် လို့ တောင်သူတွေက ပြောပါတယ်။

ထုံးဖိုရဲစခန်းက တရားလိုပြုလုပ် အမှုဖွင့်ထားတဲ့အကြောင်း မနေ့ညပိုင်းက အကြောင်းကြားစာ ပေးပို့ခဲ့တာနဲ့ ပတ်သက်လို့ တရားစွဲခံထားရတဲ့ ဒေါင်းတိုက်ရွာက လယ်သမား ဦးဌေးလွင်က RFA ကို အခုလို ပြောပါတယ်။

"၈ ရက်နေ့က ထွန်းတုံးတိုက်ပွဲ ဝင်ခဲ့တာလေ၊ ၉ ရက်နေ့ညမှာ ထုံးဖိုစခန်းမှာ အမှုဖွင့်တယ်၊ အမှတ် ၅ ကာကွယ်ရေးပစ္စည်းစက်ရုံ ဗိုလ်ကြီးတစ်ယောက်ကနေပြီးတော့ တရားလိုလုပ်ပြီးတိုင်ထားတယ်၊ တရားစွဲဖို့ အမှုဖွင့်တာလို့ပြောတယ်၊ လောလောဆယ် သူပိုင်တယ်၊ ကိုယ်ပိုင်တယ်ဆိုတာတော့ မသိရသေးဘူး၊ ကျနော်တို့မှာလည်း ပြေစာအထောက်အထားတွေရှိတာပဲ၊ သူတို့ကလည်း အမိန့်ပေးစာရှိတယ်လို့လည်းပြောပါတယ်၊ ကျနော်တို့က အမှုတင်ပြီးတဲ့အခါမှသာ သိရမှာ၊ ကျနော်တို့က ရည်ရွယ်ချက်အတိုင်းပဲ၊ လယ်မပေးမချင်းဆက်လုပ်မှာ"

၁၉၈၉ ခုနှစ်ကစပြီး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ က.ပ.စ (၅)က သိမ်းယူခဲ့တဲ့ လယ်ယာမြေ ၂၂၆ ဧကပေါ်မှာ အခုလ ၈ ရက်နေ့က တောင်သူအယောက် ၃၀ က ၀င်ရောက်ထွန်ယက်ခဲ့တာဖြစ်ပြီး အဲဒီလိုထွန်ယက်ခဲ့တဲ့အတွက် ကြေးတောင်ကျင်းကျေးရွာက တောင်သူ ၅ ဦးနဲ့ ဒေါင်းတိုက်ကျေးရွာက တောင်သူ ၈ ဦး တရားစွဲခံရတာ ဖစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

အခုအမှုဖွင့်ခံထားရတဲ့ လယ်သမား ၁၃ ဦးဟာ တရားစွဲဆိုထားတဲ့ အကြောင်းကြားစာရရှိပေမယ့် ဘယ်နေ့ရုံးတင်စစ်ဆေးမယ်၊ ဘယ်ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတယ်ဆိုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

RFA Burmese