Home » » မလေးရှားပြန်မြန်မာ များကို အလုပ်ရှာပေးမည်ဟု ဝန်ကြီးဆို

မလေးရှားပြန်မြန်မာ များကို အလုပ်ရှာပေးမည်ဟု ဝန်ကြီးဆို

Written By Unknown on Tuesday, June 18, 2013 | 4:19 PM

နေပြည်တော်၊ ဇွန် ၁၇

အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာသော မလေးရှားပြန် အလုပ်သမားများကို အလုပ် ရှာပေးမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

မလေးရှားနိုင်ငံက ပြန်လာသည့် လုပ်သားများကို ၄င်းတို့တတ်ကျွမ်းသည့် လုပ်ငန်းများတွင် အလုပ်အကိုင် ရရှိအောင် လုပ်ဆောင်ပေးသွားမည် ဖြစ်ပြီး ဝန်ကြီး ဌာနမှ အရာရှိ တစ်ဦးကို ယခုရက်ပိုင်း အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကောင်တာတစ်ခုဖွင့်ကာ နေရာချထားရန် စီစဉ်ထားကြောင်း ၄င်းက ဆိုသည်။

ယင်းအပြင် မလေးရှားနိုင်ငံက ပြန်လည်ရောက်ရှိလာမည့် အလုပ်သမား များကို ဧရာဝတီဖောင်ဒေးရှင်း လက်အောက်တွင်ရှိသည့် လုပ်ငန်းများတွင် ခန့်အပ် လုပ်ကိုင်ခွင့်ရရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Max Myanmar Group မှ Web Master & Media Officer ဦးမိုးဝေအောင်က ပြောကြားသည်။
"ဘယ်နှစ်ဦးရယ် လို့တော့ ကန့်သတ်ချက် မရှိပါဘူး။ လုပ်မယ်ဆိုရင် ခန့်သွား ပေးမယ်" ဟု ၄င်းကဆိုသည်။

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ၄င်းတို့ကုမ္ပဏီ အစီအစဉ်ဖြင့် ပြန်လာကြ သူများမှာ ယခုအသုတ်မှာ ပထမဆုံး အသုတ်ဖြစ်ကြောင်း၊ အလည်ပြန်လာလိုသူ များမှလွဲ၍ ပြန်လာလိုသူတိုင်းကို ကူညီပေး သွားမည်ဖြစ်ကြောင်း ၄င်းကထပ်မံ ပြောဆိုသည်။

"အလုပ်ပေးမယ်တော့ ကြားတယ်။ ကိုယ်ရေးရာဇဝင် တွေလည်း ယူထားတယ်။ ဘယ်တော့ အလုပ်လုပ်ရမယ်၊ ဘယ်မှာ အလုပ်လုပ်ရမယ်တော့ မသိသေးဘူး" ဟု မလေးရှားနိုင်ငံက ပြန်လည် ရောက်ရှိလာသူ တစ်ဦးက ပြောကြားသည်။

မလေးရှားနိုင်ငံက ပြန်လည် ရောက်ရှိလာသူများကို ထူးထရေးဒင်း ကုမ္ပဏီက တစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ရာစီ၊ ရွှေပြည်နန်း ကုမ္ပဏီက ငါးသောင်းကျပ်စီ ပေးအပ်ခဲ့ကြောင်းလည်း အဆိုပါ ကုမ္ပဏီတို့ထံမှ သိရသည်။

မလေးရှားရောက် မြန်မာများ အတွက် Max Myanmar ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က အမေရိကန်ဒေါ်လာ နှစ်သောင်းနှင့် လေယာဉ်လက်မှတ် အစောင်ရေတစ်ထောင်၊ ကမ္ဘောဇဘဏ်က အမေရိကန်ဒေါ်လာ ငါးသောင်းတို့ကို ဇွန်လ ၁၂ ရက်နေ့တွင် မလေးရှားနိုင်ငံရှိ ကပုန်း နာရေးကူညီမှုအသင်းသို့ ပေးအပ်ခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။

The Voice Weekly