Home » » မန္တလေးလယ်ယာမြေ တိုင်ကြားမှုများ ကော်မရှင်နှစ်ဖွဲ့ ခွဲ စစ်ဆေး

မန္တလေးလယ်ယာမြေ တိုင်ကြားမှုများ ကော်မရှင်နှစ်ဖွဲ့ ခွဲ စစ်ဆေး

Written By Unknown on Monday, June 10, 2013 | 3:19 PM

မန္တလေး၊ ဇွန် ၉

မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့နယ် အများစုတွင် ဖြစ်ပေါ်နေသည့် လယ်ယာမြေ သိမ်းဆည်း ခံရသည့် ကိစ္စရပ်များကို ကွင်းဆင်း စစ်ဆေးရန်အတွက် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်သည် အဖွဲ့နှစ်ဖွဲ့ ခွဲကာ ဇွန်လ ၉ ရက်နေ့မှ စတင် ဆောင်ရွက်နေကြောင်း ယင်းအဖွဲ့တစ်ခုမှ အဖွဲ့ခေါင်းဆောင် ဦးသိန်းထွန်းဦးက The Voice သို့ ပြောကြားသည်။

လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ တိုင်ကြားစာများ အရ မြေပြင်သို့ ကွင်းဆင်း စစ်ဆေးနိုင်ရေးအတွက် ယင်းသို့အဖွဲ့ နှစ်ဖွဲ့ခွဲ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုင်ကြားစာများနှင့် ပတ်သက်၍ စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို ဇွန်လ ၁၅ ရက်နေ့တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်သို့ တင်ပြမည် ဖြစ်ကြောင်း ဦးသိန်းထွန်းဦး က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ပုဂံ၊ ညောင်ဦး၊ ရမည်းသင်း၊ သာစည်မြို့ရှိ လယ်ယာမြေ သိမ်းဆည်းခံရသည့် တိုင်စာ များနှင့် ပတ်သက်၍ အဖွဲ့တစ်ဖွဲ့က စစ်ဆေးနေပြီး ပုသိမ်ကြီး၊ စဥ့်ကူး၊ စဥ့်ကိုင်၊ မြစ်သား မြို့နယ်တို့ရှိ တောင်သူများ၏ တိုင်စာများနှင့် ပတ်သက်၍ နောက်ထပ် တစ်ဖွဲ့က စစ်ဆေး လျက်ရှိကြောင်း ၎င်းကဆိုသည်။

“ဒီနေ့ပုဂံမှာ စစ်တယ်။ မြေယာမှု ရှစ်မှု ပြီးတယ်။ အဓိကကတော့
လေယာဉ်ကွင်း တည်ဆောက်စဉ်က သိမ်းခဲ့ပြီးတော့ အခုချိန်မှာ ပိုနေတာတွေ ပြန်လည် လုပ်ပိုင်ခွင့်ပေးဖို့၊ ညောင်ဦးမှာက ဟိုတယ်ဇုန်နဲ့ ပတ်သက်လို့ လျော်ကြေး မရသေးတဲ့ တိုင်စာတွေ စစ်ဆေးခဲ့တယ်” ဟု ဦးသိန်းထွန်းဦးက ရှင်းပြသည်။

ပြင်ဦးလွင်မြို့နယ် မြေသိမ်းခံရမှုနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်ခန့်က စုံစမ်းရေး ကော်မရှင်ထံ အမှု ၅၀ ကျော်ကို တိုင်ကြား ထားသော်လည်း ယခုအချိန်ထိ သုံးမှုသာ ကော်မရှင်က လာရောက် စစ်ဆေးခဲ့ပြီး
ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် တောင်သူလယ်သမားများ ကွန်ရက်မှ ဦးသက်ပိုင်က ပြောကြားသည်။

“ပြင်ဦးလွင်မှာ သုံးမှုပဲ စစ်ဆေးရသေးတယ် ဆိုတာ ဟုတ်ပါတယ်။ တိုင်စာအရ ကွင်းဆင်း မစစ်ဆေးရသေးတဲ့ မြို့တွေကို ဦးစားပေး သွားစစ်ဆေးနေလို့ ပြင်ဦးလွင်ကို ဒီလထဲ သွားစစ်ဖို့ ရှိပါတယ်” ဟု စုံစမ်းရေး ကော်မရှင် အဖွဲ့ခေါင်းဆောင် ဦးသိန်းထွန်းဦးက ဆိုသည်။

The Voice Weekly