Home » » ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံလာမည်

ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံလာမည်

Written By Unknown on Monday, June 3, 2013 | 2:57 PM

ရန်ကုန်၊ ဇွန် ၂

နှစ်ပေါင်း ၅၀ ကျော် အတွင်း ဗြိတိန် တပ်မတော် ခေါင်းဆောင်တစ်ဦး၏ ပထမဦးဆုံး ခရီးစဉ်အဖြစ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချတ်သည် ဇွန်လ ပထမပတ် အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး နှစ်ရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း ဗြိတိန်သတင်းဌာန Sky News တွင် ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်တို့ ယခု ရက်ပိုင်း အတွင်း တွေ့ဆုံသွားမည် ဖြစ်ပြီး ခရီးစဉ် အသေးစိတ်ကိုမူ တပ်မတော်က တာဝန်ယူ စီစဉ်ခြင်း ဖြစ်၍ ထုတ်ပြန်နိုင်ခြင်း မရှိ ကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အနီးကပ် စောင့်ကြည့် လေ့လာနိုင်ရန် နိုင်ငံရေးအရ သာမက စစ်ရေးတွင်ပါ ထိပ်တန်းခေါင်းဆောင် အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံခြင်း အားဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုးတက်မှုကို ပိုမို နားလည် နိုင်မည်ဟု ဗြိတိန် အစိုးရက သုံးသပ်ထားကြောင်း Sky News တွင် ဖော်ပြထားသည်။

အရပ်သားအစိုးရ စတင် တာဝန်ယူပြီးနောက် ၂၀၁၂ ဧပြီလ အတွင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း လာရောက် လည်ပတ်ခဲ့ကာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်။

ယင်းနောက် တစ်လအကြာ ဥရောပ သမဂ္ဂ၏ မြန်မာနိုင်ငံ အပေါ်အရေးယူ ပိတ်ဆို့ထားမှု အချို့ကိုတစ်နှစ်ကြာ ဆိုင်းငံ့ ပေးခဲ့သည်။

အရပ်ဘက်အစိုးရ တာဝန်ယူပြီး နောက်ပိုင်း တပ်မတော်နှင့် အနောက်နိုင်ငံ များအကြား ဆက်ဆံရေး တိုးမြှင့်မည့် အလားအလာများ တွေ့ရကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပစိဖိတ်ဒေသ အမေရိကန် တပ်ဖွဲ့များ၏ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဖရန်စစ်ဝီယားစင်စကီး ဦးဆောင်သည့် ထိပ်တန်း စစ်ဘက်အရာရှိ အချို့၏ နေပြည်တော်ခရီးစဉ်မှာ နှစ်ပေါင်း ၂၅ နှစ် အတွင်း အမေရိကန် စစ်ဘက် အရာရှိတစ်ဦး၏ ပထမဆုံး ခရီးစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း CSIS စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အမေရိကန် ဦးဆောင်၍ နိုင်ငံပေါင်း ၂၀ ပါဝင်သော Cobra Gold စစ်ရေး လေ့ကျင့်မှု တွင် မြန်မာ့ တပ်မတော်အရာရှိ နှစ်ဦးကို လေ့လာသူအဖြစ် လက်ခံဖိတ်ကြားခဲ့ကာ မေလအတွင်း သွားရောက်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင်လည်း ထိုင်ဘုရင်မင်းမြတ်၏ တော်ဝင်ဘွဲ့တံဆိပ်ကို လက်ခံရရှိခဲ့သည်။

The Voice Weekly