Home » » ဆုံးရှုံးလယ်မြေများပြန်ရရန် ဆောင်ရွက်သွားမည်ဟု သမ္မတဦးသိန်းစိန်ကတိပေး

ဆုံးရှုံးလယ်မြေများပြန်ရရန် ဆောင်ရွက်သွားမည်ဟု သမ္မတဦးသိန်းစိန်ကတိပေး

Written By Unknown on Monday, June 3, 2013 | 3:35 PM

မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ကျေးရွာများတွင် လယ်ယာအပေါင်ခံသည့် ငွေရှင်များက အုပ်ချုပ်ရေးမှူး၊ အစိုးရဌာနက စာရေးတို့နှင့် ပူးပေါင်းကာ လယ်သမားများ မသိလိုက်ဘဲ လယ်ပိုင်ရှင်နာမည်များ လွှဲပြောင်းခြင်းဖြင့် လယ်ယာမြေဆုံးရှုံးမှုများရှိသလို၊ ဝန်ကြီးဌာန၊ စစ်တပ်တို့က မြေသိမ်းခြင်းနှင့် စီမံကိန်းများအတွက် မြေသိမ်းခြင်းများလည်းရှိကြောင်း ထိုနေ့ အခမ်းအနားတွင် တင်ပြသည်။

ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းတို့တွင် မြေယာသိမ်းဆည်းခံရမှု အများဆုံးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကလည်း ''လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်'' ဟူသည့် ကော်မရှင်ကို လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းကာ တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့များခွဲ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ထိုကော်မရှင်က စစ်တပ်က သိမ်းဆည်းခဲ့သည့် မြေများနှင့်ပတ်သက်သည့် အချက်အလက်များပါဝင်သော မြေသိမ်းမှုအစီရင်ခံစာ ပထမပိုင်းကို မတ်လတွင် လွှတ်တော်သို့ တင်ခဲ့သည်။

မြေသိမ်းခံရမှုနှင့်ပတ်သက်သော အခြားအချက်အလက်များပါဝင်မည့် အစီရင်ခံစာ ဒုတိယပိုင်းကို ယခုလ အတွင်း ကျင်းပမည့်လွှတ်တော်တွင် တင်သွင်းမည်ဟု ယင်းကော်မရှင်အဖွဲ့ဝင် လွှတ်တော်အမတ်က ဆိုသည်။

စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ သိမ်းယူထားသည့်မြေများ ပြန်လည်ရရှိရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်သို့ တိုင်ကြားထားသော်လည်း အစိုးရအနေနှင့် အရေးယူဆောင်ရွက်ပေးခြင်းမရှိပါက ဆန္ဒပြသင့်ကြောင်း ယင်းကော်မရှင်အဖွဲ့ဝင် အောက်လွှတ်တော်အမတ် ဦးဖေသန်းက မဇ္ဈိမကို ယခုနှစ်ဆန်းပိုင်းက ပြောကြားထားခဲ့ဖူးသည်။

by Mizzima - News in Burmese