Home » » ကျောင်းအတူ သံဃာနှစ်ပါး တစ်ချိန်တည်းပျံလွန်

ကျောင်းအတူ သံဃာနှစ်ပါး တစ်ချိန်တည်းပျံလွန်

Written By Unknown on Tuesday, June 25, 2013 | 7:25 PM

ရန်ကုန်၊ ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာ၊ မဟာမြိုင် ကျောင်းတိုက်တွင် ဇွန်လ ၂၀ ရက် နံနက် ၄ နာရီ ၃၀ မိနစ် အချိန်က သံဃာနှစ်ပါး ပျံလွန်နေသည်ကို တွေ့ခဲ့ကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။

အရှင်ဣန္ဒောဘာသနှင့် အရှင်စန္ဒောဘာသ တို့သည် သီတင်းသုံးတော်မူရာ ကျောင်းဆောင်တွင် ပျံလွန် နေကြောင်းကို ကျောင်းတိုက်ရှိ အခြားသံဃာတော်များက တွေ့ရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းထံ အကြောင်းကြားခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့တွင် ပျံလွန်တော်မူသွားသော သံဃာနှစ်ပါး၏ ရုပ်ကလာပ်ကို သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

ယင်းကျောင်းတိုက် တစ်ခုလုံးတွင် သံဃာခြောက်ပါး ရှိပြီး သံဃာများသည် ကိုယ်ပိုင် ဝါးကျောင်းဆောင်များ ဆောက်၍ သီးသန့် သီတင်းသုံး နေကြကြောင်း၊ ဆွမ်းခံ၍ ရရှိသောဆွမ်းနှင့် ဆွမ်းဟင်းများကို သီးသန့် သီတင်းသုံးသော ကျောင်းဆောင်များတွင်သာ သုံးဆောင်ကြကြောင်း၊ ပျံလွန်သွားသော သံဃာနှစ်ပါးသည် ကျောင်းဆောင် တစ်ခုတည်းတွင်အတူ သီတင်းသုံး နေထိုင် ကြသူများ ဖြစ်ကြောင်း ကျောင်းထိုင် ဆရာတော် ဦးဝါသဝက မိန့်ကြားသည်။

သံဃာနှစ်ပါးမှာ မှိုစားမိ၍ အစာအဆိပ်သင့်သည်ဟု သတင်းထွက်ပေါ်သဖြင့် ရဲတပ်ဖွဲ့က လာရောက် စုံစမ်းသွားသော်လည်း သေမှုသေခင်း မှတ်တမ်းမယူကြောင်း၊ ကျောင်းထိုင် ဆရာတော်၏ မိန့်ကြားချက် အတိုင်း သင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း၏ အဆိုအရ သိရသည်။

မှော်ဘီမြို့နယ် ရဲစခန်းကို ယင်းသေမှုသေခင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရာတွင် မိမိတို့ ရဲစခန်းကို လာရောက် သတင်းပေးမှု မရှိကြောင်းနှင့် သတင်း ပေးပို့ခဲ့လျှင် ရဲ လုပ်ထုံးလုပ်နည်းများ အတိုင်း အချိန်မီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိ အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

(ခိုင်စိုးလင်း)

The Voice Weekly