Home » » သမ္မတမိန့်ခွန်းပြောတဲ့ အခမ်းအနားသွားသူတွေကို ရဲတပ်ဖွဲ့က တားဆီး

သမ္မတမိန့်ခွန်းပြောတဲ့ အခမ်းအနားသွားသူတွေကို ရဲတပ်ဖွဲ့က တားဆီး

Written By Unknown on Monday, June 3, 2013 | 12:03 AM

ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ကျင်းပတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အခမ်းအနားကို သမ္မတဦးသိန်းစိန် တက်ရောက်စဉ် သမ္မတကို ကြိုဆိုဖို့ သွားရောက်ကြတယ်ဆိုတဲ့ အိမ်မြေ သိမ်းဆည်းခံရသူ ၂၀၀ လောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပါတယ်။

တားဆီးခံရသူတွေကတော့ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း(၁)(၂)(၃)က မြေသိမ်းဆည်းခံထား ရတဲ့ ဒေသခံတွေ၊ မရမ်းကုန်းမြို့နယ်က နေအိမ်ပြောင်းရွှေ့ခံရသူတွေ နဲ့ ရန်ကုန်မြို့မှာ ကျူးကျော်အိမ်အဖြစ် သတ်မှတ်ခံထားရသူတွေ ဖြစ်ပါတယ်

အဲဒီလူတွေကို ဦးဆောင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်က သူတို့တွေဟာ သမ္မတကို ကြိုဆိုဖို့ သွားရောက်တာ ဖြစ်တယ်လို့ RFA ကို အခုလို ပြောပါတယ်။

"သူတို့က ဆန္ဒပြမှာ ကြောက်လို့တားတာပါ။ကျွန်တော်တို့က ဆန္ဒပြတာ မဟုတ်ဘူး။အိမ်အသိမ်းခံရသူတွေ အိမ်ယာမဲ့တွေက သမ္မတကို သွားကြိုတာပါ။သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ၊ချမ်းသာပါစေ။အားလုံးကောင်းပါသည်လို့ သမ္မတကြီးကို လိမ်နေသူတွေကို ဖယ်ရှားပေးမယ့် နိုင်ငံတော် သမ္မတကြီး အဲလို အော်တာပါ။

သမ္မတဦးသိန်းစိန်ဟာ သမ၀ါယမ၀န်ကြီးဌာနက စီစဉ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ချရေးအကြောင်း ရှင်းလင်းပွဲမှာ ဒီနေ့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

RFA Burmese