Home » » ဖယ်ရှားခံရသူများကို ချပေးသည့်နေရာ နေထိုင်ရန်မသင့်ဟုဆို

ဖယ်ရှားခံရသူများကို ချပေးသည့်နေရာ နေထိုင်ရန်မသင့်ဟုဆို

Written By Unknown on Tuesday, June 18, 2013 | 9:12 PM

စစ်တပ်ပိုင်မြေဆိုပြီး နေအိမ်တွေကနေ ဖယ်ရှားခံရတဲ့ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂ နဲ့ ၃ က ပြည်သူတွေကို အစားထိုးပြန်ပေးတဲ့ ဒဂုံအရှေ့မြို့နယ် ၁၅၅ ရပ်ကွက်က မြေနေရာဟာ လူတွေနေထိုင်ဖို့ မသင့်တော်တဲ့ နေရာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်က ပြောဆိုလိုက်ပါတယ်။

မိကျောင်းကန် အပိုင်း ၁၊ ၂ နဲ့ ၃ မှာ နေထိုင်တဲ့သူတွေကို စစ်တပ်ကနေ ဇွန် ၁၃ ရက်နေ့က အင်အားသုံး ဖယ်ရှားပြီး ဒဂုံအရှေ့မြို့နယ် ၁၅၅ ရပ်ကွက်က ရွှေ့ပြောင်းနေကြဖို့ နေရာပေးခဲ့တာပါ။

ဒါပေမယ့် ဒီနေရာဟာ ကျဉ်းမြောင်းလွန်းသလို မိုးကျလာရင် ရေ၀ပ်ပြီး ကျန်းမာရေးထိခိုက်နိုင်တဲ့အတွက် နေထိုင်ဖို့ မသင့်တော်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ဒီဗွီဘီကို ပြောပါတယ်။

“မြေကွက် ၁၀ ပုံ ၁ ပုံက ရေ၀ပ်နေတယ်။ မိုးတွင်းတတွင်းလုံး ရေ၀ပ်ရင် ကျန်းမာရေး ထိခိုက်နိုင်တယ်။ ပေးတာကလည်း ၂၀၊ ၃၀ မြေကွက်ဆိုတော့ တကယ်မြို့သစ်မှာ နေရာချပေးရင် ၂၀၊ ၆၀ အနည်းဆုံးချပေးတယ်။ ၂၀၊ ၃၀ ဆိုတာ တဲသာသာလောက်ပဲရှိတယ်။ လူသားချင်းစာနာတဲ့အနေနဲ့ ၂၀၊ ၆၀ လောက်ချပေးဖို့ တောင်းဆိုခဲ့တယ်။ အထက်ကို တင်ပြပေးဖို့ ပြောထားတယ်။ ပြောင်းရွှေ့တာ ၁၇၉ အိမ်ရှိတော့ အဲထဲက ၁၃၀ လောက်ပဲ အကွက်ပေးတယ်။ ၁၃၀ ဆိုတာတောင် ၂၀၊ ၆၀ ကို ၂ ကွက်ခွဲပြီး ၂၀၊ ၃၀ နဲ့ပေးတဲ့ အနေအထား။ လောလောဆယ် ဘာမှမရှိသေးဘူး၊ လမ်းရော၊ မြေရော၊ မီးရော ဘာမှ အဆင်သင့်မရှိသေးဘူး။”

သင်္ကန်းကျွန်းမြို့နယ် တပ်ပိုင်မြေမှာ ၀င်ရောက်နေထိုင်တဲ့သူတွေကို စစ်တပ်ကနေ ၆ ကြိမ်လောက် သတိပေးပြီးနောက် ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ရာမှာ ကြုံရတဲ့အခက်အခဲကို နေရာဖယ်ရှားပေးရတဲ့ ပျိုးဥယျာဉ်လုပ်ငန်းလုပ်ကိုင်သူ ဦးမိုးအေးက အခုလို ပြောပါတယ်။

“အရင်းနှီးတွေက ဒီပေါ်မှာပဲရှိတယ်လေ။ ၄ လလောက် အချိန်ပေးပြီးတော့ ငွေစုတာမှာလည်း ငွေက မရဘူး။ ပြောင်းဖို့နေရာကလည်း ပြောင်းဖို့မပြောနဲ့ တကိုယ်စာတောင် ဘယ်မှာအိပ်ရမယ် မသိဘူး။ ကွင်းပြင်ပြောင်ထဲမှာ တာလပတ်မိုးနေ နေရတယ်လေ။ ရေ၊ မီး မသိရသေးဘူး။ တနေ့ကပြောင်းရွှေ့ဆိုတော့ မိသားစုတချို့လည်း ရန်ကုန်က ဓမ္မာရုံတို့မှာ သွားနေကြတယ်။ ရွက်ဖျင်တဲထိုးတာကလည်း ခုဏကမှ ပြီးသွားတာ၊ ရွက်ဖျင်တဲတွေ အခုမှ ကားတွေနဲ့ သွားသယ်နေကြတယ်။”

သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်ကလည်း ဖယ်ရှားမှုပုံစံဟာ အလွန်အကျွံ အင်အားသုံး ဖျက်ဆီးတာဖြစ်ပြီး ဒီကိစ္စကို လွှတ်တော်မှာ ဆွေးနွေးဖို့ တင်ထားတယ်လို့ ပြောပါတယ်။

“ထူးထူးခြားခြား ပြောရမယ်ဆိုရင် လေဖြတ်ထားသူရဲ့ အိမ်ကို ၀င်ဖျက်တော့ သူ့မှာတော့ စုဆောင်းထားတဲ့ငွေ ၃ သောင်းပေါ့။ သူ့ဘ၀အတွက်တော့ ဒီ ၃ သောင်းဆိုတဲ့ငွေက မနည်းဘူးပေါ့။ အိမ်ကို အတင်းဖျက်တဲ့အချိန်မှာ လေဖြတ်တဲ့သူက သူစုဆောင်းထားတဲ့ ငွေ ၃ သောင်းပါ ပျောက်ဆုံးသွားတယ်။ နောက် သမီးတယောက်၊ မြေးတယောက်နဲ့နေတဲ့ အသက် ၆၀ ကျော် အမျိုးသမီးကြီး။ အိမ်ဖျက်ဆီးခံလိုက်ရတဲ့အတွက် ဘ၀ပျက်သွားကြတယ်။ ဒါဟာ နာဂစ်မုန်တိုင်းထက်တောင် သူတို့ဘ၀တွေ ထိခိုက်နေတယ်။ နာဂစ်တုန်းကတောင် ကျန်သေးတယ်။ အခုဖြစ်တဲ့အဖြစ်ပျက်က ပိုပြီးဆိုးရွားတယ်ဆိုတာ သူတို့တွေရဲ့ ခံစားချက်ကို လွှတ်တော်တင်ပြပေးရမှာ ကျနော့်တာဝန်ပါ။”

သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁နဲ့ ၂ တပ်ပိုင်မြေပေါ်မှာ လွန်ခဲ့တဲ့အနှစ် ၂၀ ကတည်းက တပ်ရဲ့ ခွင့်ပြုချက်နဲ့ လစဉ် ၃၅ သိန်း အခွန်ဆောင်ပြီး နေထိုင်ကြရတာလို့ ဒေသခံ ဦးမိုးအေးက ပြောပါတယ်။ နေအိမ်ဖယ်ရှားခံရချိန်အထိ  အိမ်ခြေ ၂၁၀ ရှိပြီး လူဦးရေ ၈၀၀ ကျော် နေထိုင်တာဖြစ်ပါတယ်။

by နော်နိုရင်း (ဒီဗွီဘီ)