Home » » အောင်သူ ပျော်၍ ရှုံးသူငိုသော သန်းခေါင်ကျော်ည

အောင်သူ ပျော်၍ ရှုံးသူငိုသော သန်းခေါင်ကျော်ည

Written By Unknown on Sunday, June 9, 2013 | 3:35 PM

ကြယ်ရောင်တွေ ပျောက်ကာ မိုးသားများ အုံ့ဆိုင်းနေသည့် ညသန်းခေါင်ယံ အချိန်။ ၁၂ နာရီ ထိုးရန် မိနစ်ပိုင်း အလိုတွင် ရာဂဏန်းရှိသော လူအုပ်ကြီးသည် အဆောက်အအုံ တစ်ခု၏ ဂိတ်တံခါး အဖွင့်ကို စောင့်ဆိုင်း နေကြသည်။ အချို့က သံပန်းတံခါးကို ဆွဲလှုပ်ကာ ဖွင့်ရန် တောင်းဆိုကြသည်။ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် အချို့ကလည်း စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးပွတ်ခြင်း၊ ရင်ဘတ်ပေါ် လက်တင်ခြင်းတို့ ပြုလုပ်ကြသည်။

ယင်းမြင်ကွင်းမှာ ၂၀၁၃ ခုနှစ် ဇွန်လ ၇ ရက်နေ့ ည ၁၂ နာရီတွင် ထုတ်ပြန် ကြေညာသော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို ကြည့်ရှုရန် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပညာရေးမှူးရုံး ရှေ့တွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ဂိတ်ဝင်ပေါက် တံခါးဖွင့်သည်နှင့် စောင့်ဆိုင်းနေသည့် လူအုပ်ကြီးသည် အလုအယက် ပြေးဝင်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် တိုက်မိကြ၊ လဲကျ ကြသော်လည်း စိတ်မဆိုးအား။ ရုံးအဆောက်အအုံ ဆင်ဝင်အောက်တွင် ရှိနေသော အောင်စာရင်း ကပ်ထားသည့် နေရာရောက်ဖို့သာ အာရုံစိုက် နေကြသည်။ ထိပ်ဆုံးသို့ ရောက်ရှိနေသူတို့က သံဆန်ခါ အတွင်းရှိ ဘုတ်ထောင်ထားသော အောင်မြင်သူ လူစာရင်းများမှ မိမိခုံနံပါတ်နှင့် နာမည်ပါ မပါကို ရှာဖွေကြသည်။နောက်မှ ရောက်လာ သူများကလည်း ရှေ့ မတိုးနိုင်သောကြောင့် ရှေ့မှ လူကို ကြည့်ပေးရန် ခုံနံပါတ် အော်ပြော၍ အကူအညီ တောင်းကြသည်။

အောင်မြင်သူ စာရင်းများတွင် ပါဝင်သူများက အော်ဟစ် ကခုန်သည်အထိ ဝမ်းသာကြသည်။ နာမည် မပါသူများက ခေါင်းငိုက်စိုက် ချလျက် ပြန်ကြသည်။

“သားကို ဂုဏ်ထူး သုံးဘာသာ လောက်ရမယ် ထင်ထားတာ။ တစ်ဘာသာပဲ ပါတယ်”ဟု လှိုင်မြို့နယ် (၁၃) ရပ်ကွက်တွင် နေထိုင်သော အသက် ၄၅ နှစ်ဝန်းကျင် အရွယ် အမျိုးသမီးက မှန်းချက်နှင့် မကိုက်သော်လည်း စိတ်ကျေနပ်သည့် ဟန်ဖြင့် ပြုံးရွှင်စွာဆိုသည်။

အောင်စာရင်း လာရောက်ကြည့်ရှု သူတို့ ပြောဆိုချက်များ အရမူ ယခုနှစ်သည် အကျအရှုံး များသည့် သဘောဖြစ်နေသည်။
ကပ်ထားသည့် အောင်စာရင်းတွင် ခုံအမှတ်များ အစဉ်လိုက် ၃၀ ကျော်ခန့် ဆက်တိုက် ကွာဟကာ ကျရှုံးနေသည်ကိုလည်း တွေ့ရသည်။

“သမီးက မှတ်ဉာဏ်အား နည်းတယ်။ ဒါပေမဲ့ ကြိုးစားပါတယ်။
အောင်မလားလို့ လာကြည့်တာ နာမည်မပါဘူး”ဟု လှိုင် (၁၁) ရပ်ကွက်မှ အထည်ဆိုင်ပိုင်ရှင် ကျောင်းသား မိဘတစ်ဦးက အားငယ်စွာ ပြောသည်။

ထိုနေ့ ထိုအချိန်တွင် ရန်ကုန်မြို့တော်ရှိ လှိုင်မြို့နယ် ပညာရေးမှူးရုံး ရှေ့တွင်သာမက တစ်နိုင်ငံလုံးရှိ မြို့နယ် ပညာရေးမှူးရုံး၊ အထက်တန်းကျောင်းများနှင့် စာစစ်ဌာနများတွင် ပျော်ရွှင်သူများနှင့် ဝမ်းနည်းသူများကို တွေ့မြင်ကြရမည် ဖြစ်သည်။

တစ်နိုင်ငံလုံး ထုတ်ပြန်လိုက်သော ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းတွင် အောင်ချက် ရာခိုင်နှုန်း အမြင့်ဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များစာရင်း၌ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ ပါဝင်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထူးခြားသည်မှာ ယခုနှစ် အောင်ချက် အမြင့်ဆုံးစာရင်းတွင် ငြိမ်းချမ်းရေး ပဋိပက္ခ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်က ဒုတိယနေရာ ချိတ်ဆွဲခဲ့ပြီး အောင်ချက် ရာခိုင်နှုန်းက ၄၃ ဒသမ ၇၉ ရှိသည်။
အမြင့်ဆုံး အောင်ချက်ရာ ခိုင်နှုန်းမှာ ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ် ဖြစ်ပြီး အောင်ချက် အနိမ့်ဆုံး ချင်းပြည်နယ် မှာ ၁၆ ဒသမ ၅၂ ရာခိုင်နှုန်း ဖြစ်သည်။

အောက်မြန်မာပြည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်းသည် ၂၀၁၃ ခုနှစ်တွင် ကျဆင်းခဲ့သည်။

လက်ရှိ ရန်ကုန်မြို့တွင်း ကျောင်းများတွင် အောင်ချက် ရာခိုင်နှုန်း ကျဆင်းသည့်အပြင် ဘာသာစုံ ဂုဏ်ထူး ထွက်သူများလည်း နည်းပါးခဲ့ကြောင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆရာများ အသိုင်းအဝိုင်းက တူညီစွာ ပြောဆိုကြသည်။

ရန်ကုန်တိုင်းဒေသကြီး အောင်ချက်မှာ ၃၃ ဒသမ ၁၉ ရာခိုင်နှုန်း ရှိကာ ယခင် နှစ်ထက် အောင်ချက် ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်နိုင်ငံလုံးတွင် အဆင့် ခုနှစ် (သတ္တမ) သာရှိကြောင်း အမှတ်(၁) အခြေခံပညာ ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်မြို့၏ အောင်ချက် နည်းရခြင်းနှင့် ဂုဏ်ထူး နည်းရခြင်းမှာ
မေးခွန်းပိုင်းတွင် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက အဆင့် မြှင့်ထားခြင်းကြောင့် ဖြစ်ကြောင်း Flying Colour ကျောင်း တည်ထောင်သူ ဒေါ်မြင့်မြင့်ကြည်က မှတ်ချက်ပေးသည်။

ယခု တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် လက်ရှိ ပညာရေးစနစ်အရ အောင်စာရင်း ရမှတ်သည် သာလျှင် ဝင်ခွင့် ရွေးချယ်ရန် အဓိက နည်းလမ်းတစ်ခု ဖြစ်သည်။

တက္ကသိုလ်အောင်မှတ် ကောင်းကောင်း ရရှိသူများသည် အလုပ်အကိုင် အခွင့်အလမ်း အာမခံချက်ရှိသော ဆေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နှင့် ရေကြောင်းပညာ တက္ကသိုလ်တို့ ကဲ့သို့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များကိုသာ ရွေးချယ် တက်ရောက်ရမည် ဖြစ်သည်။

လက်ရှိ တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသားအများစုသည် တက္ကသိုလ် ဝင်ခွင့်အတွက် ကိုယ်တိုင် စိတ်ဝင်စားသည့် ဘာသာရပ်ကို ရွေးချယ် ဆုံးဖြတ်နိုင်စွမ်း ရှိသည်မှာ နည်းပါး နေသေးသဖြင့် မိဘ သို့မဟုတ် အုပ်ထိန်းသူတို့၏ ဆုံးဖြတ်ချက် ဖြင့်သာ တက်ရောက်ကြသည်က များသည်။

ဆေးတက္ကသိုလ် တက်ရောက်ခြင်းကို ရပ်နားကာ မီဒီယာ လောကထဲသို့ ဝင်ရောက်လာသော သတင်းထောက်တစ်ဦးကမူ “ဘာလုပ်ချင်တယ်ဆိုတာ အချိန်ယူ စဉ်းစားဖို့ လိုတယ်။ဘယ်သူရဲ့ ဖိအားမှ မပါအောင် အမှတ်များတဲ့သူတွေ သတိထားသင့်တယ်။ မက်လုံးတွေနောက် မလိုက်မိစေနဲ့။ သေချာတာတစ်ခုက ပညာရပ်တစ်ခုကို အနက်ရှိုင်းဆုံး အပိုင်းထိ သွားချင်ရင် နှစ်ခွလုပ်လို့ မရဘူး။ ပြတ်ပြတ်သားသား တစ်ခုကိုပဲ ရွေးရလိမ့်မယ်” ဟု တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ပညာရေး လမ်းကြောင်း ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မမှားကြရန် မှတ်ချက်ပေးသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သူတို့၏ ဆန္ဒနှင့်ဘဝ ထပ်တူကျရန် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှုသည် အရေးကြီးဆုံး ဖြစ်သည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်သူတို့သည် ဆန္ဒနှင့် ဆုံးဖြတ်ချက် ထပ်တူကျရန် ရွေးချယ်ကြတော့မည် ဖြစ်သကဲ့သို့ ကျရှုံးသူများ အတွက်လည်း နောက်တစ်ကြိမ် မရှုံး အောင် ကြိုးစားရန် ပြင်ဆင်နိုင်သည့် အခွင့်အရေး ရှိသေးသည်။

တစ်ချိန်တည်းတွင် အောင်မြင်သူတို့ကို ကြည်နူးပီတိ ဖြစ်စေပြီး ကျရှုံးသူတို့ကို ဝမ်းနည်းကြေကွဲ ဖြစ်စေသည့် ဒွန်တွဲ မြင်ကွင်းကို ဇွန်လ ၈ ရက်နေ့၏ အစပိုင်း သုညသုည နာရီပိုင်းအချိန်တွင် ဖန်တီးပေးလိုက်ပြီ ဖြစ်သည်။

သန်းခေါင်ယံ မတိုင်မီ လူအုပ်ကြီးက မျှော်လင့်ချက်ဖြင့် ကြိတ်ကြိတ် တိုးခဲ့သော လှိုင်မြို့နယ် ပညာရေးမှူး ရုံးတွင်လည်း နံနက်စောစော ၁ နာရီ ခွဲခန့်တွင် ပြန်သူများလာသည်။ ထိုနေရာ အနီးတစ်ဝိုက် မှိန်ပြပြ မီးရောင်များဖြင့် အလင်းပေးထားသော လမ်းများပေါ်တွင် အောင်မြင်သူတို့ ရယ်ရွှင် နေကြပြီး ကျရှုံးသူတို့မှာ တိတ်ဆိတ်စွာ လမ်းလျှောက်နေကြသည်။

မင်းထက်စံ၊ လဲ့ရည်မြင့်၊ သင်းဆု - The Voice Weekly