Home » » လေးမျက်နှာမြို့တွင် ကြံ့ခိုင်ရေးပါတီဝင်နှင့် အုပ်ချုပ်ရေးမှူးများသာ တန်ဖိုးနည်းဖုန်း ရရှိဟုဆို

လေးမျက်နှာမြို့တွင် ကြံ့ခိုင်ရေးပါတီဝင်နှင့် အုပ်ချုပ်ရေးမှူးများသာ တန်ဖိုးနည်းဖုန်း ရရှိဟုဆို

Written By Unknown on Sunday, June 30, 2013 | 3:22 PM

ရန်ကုန် ၊ ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့နယ်တွင် တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် ဖုန်းများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်များနှင့် အုပ်ချုပ်ရေးမှူးများသာ ရရှိကြောင်း လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာမှ ဦးဂုဏ်ရည်စိုးက The Voice သို့ ပြောကြားသည်။

ကျေးရွာအုပ်စု ၄၁ အုပ်စုနှင့် မြို့ပေါ် ရပ်ကွက် ငါးခုရှိသော လေးမျက်နှာမြို့နယ်တွင် CDMA 800 တန်ဖိုးနည်း ဖုန်းများကို ဆက်သွယ်ရေး တာဝါတိုင် မရှိသည့်အတွက် ရောင်းချပေးခြင်း မရှိဟု ကြားသိရသော်လည်း ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးများနှင့် အုပ်ချုပ်ရေးမှူးများကမူ ရရှိနေကြောင်း ၎င်းကဆိုသည်။

“ဒါက ဘာကိုပြလဲဆိုတော့ သူတို့ တွေက ပြည်သူနဲ့ မတူဘဲ အခွင့်ထူးခံ ဖြစ်နေတယ် ဆိုတာကို ပြနေတယ်” ဟု ၎င်းက ဆိုသည်။

မြို့နယ်အဆင့် အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို တစ်ဦးလျှင် တန်ဖိုးနည်းဖုန်း တစ်လုံးစီ ဝေပေးသည်ဟု ကြားသိရကြောင်း လေးမျက်နှာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်မင်းသိန်းက ဆိုသည်။

လေးမျက်နှာမြို့နယ်အတွက် တန်ဖိုးနည်းဖုန်း ခွဲတမ်း မပါသော်လည်း လေးမျက်နှာမြို့နယ် လွှတ်တော် ကိုယ်စားလှယ်၏ တင်ပြပေးမှုကြောင့် တတိယအသုတ် ပထမအကြိမ်တွင် ဖုန်းအလုံးရေ ၁၀၀၊ ဒုတိယအကြိမ်တွင် ၂၀၀ ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးများနှင့် အုပ်ချုပ်ရေးမှူးများကို ချထား ပေးခဲ့ကြောင်း လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ဆိုသည်။

“ကျွန်တော်လည်း အုပ်ချုပ်ရေးမှူး ဆိုတော့ ဖုန်းတစ်လုံးရတယ်။ ကျေးရွာ အုပ်စု ၁၃ အုပ်စုမှာ တစ်အုပ်စုကို ဖုန်းသုံးလုံး၊ မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်မှာ တစ်ရပ်ကွက်ကို လေးလုံးလို့ ချပေးပြီး မဲနှိုက်ပေးတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လေးမျက်နှာမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ထံသို့ ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တန်ဖိုးနည်း ဖုန်းများကို မဲဖောက်ပေးခဲ့ရာ ရန်ကုန်မြို့တွင်း မြို့နယ်များ၌ တန်ဖိုးနည်း ၁၅၀၀ တန်များ၏ ပြင်ပပေါက်ဈေးသည် ၆၅,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ် ဝန်းကျင်ခန့်အထိ ဈေးနှုန်း မြင့်တက်လျက် ရှိပြီး မဲပေါက်သည့် ပိုင်ရှင်များက တစ်ဆင့်ပြန်လည် ရောင်းချသည့် မှောင်ခို ဈေးကွက်ပါ ပေါ်ပေါက်လျက် ရှိကြောင်း အဆိုပါ မြို့နယ်များတွင် စုံစမ်းမှုများအရ သိရသည်။

The Voice Weekly