Home » » တူရကီ ဆန္ဒပြပွဲ ပိုကြီး ပိုကျယ်လာ

တူရကီ ဆန္ဒပြပွဲ ပိုကြီး ပိုကျယ်လာ

Written By Unknown on Saturday, June 8, 2013 | 4:28 AM

တူရကီ နိုင်ငံ တာ့ဆင်မ် ရင်ပြင်မှာ ဆန္ဒပြသူ သောင်းဂဏန်းများစွာ ထပ်မံ စုဝေးရောက်ရှိလာကြပြန်ပါပြီ။ ဝန်ကြီးချုပ် အာရ်ဒိုအမ် က ပန်းခြံနေရာမှာ ဆောက်လုပ်ရေး စီမံကိန်း လုပ်မယ့် အစီအစဉ်ကို မဖျက်သိမ်းနိုင်ဘူးလို့ ပြောပြီးနောက် အခုလို ထပ်မံ စုဝေးလာကြတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် အာရ်ဒိုအမ် ရဲ့ မြောက်အာဖရိက ခရီးစဉ်က ပြန်မရောက်ခင်မှာ အခုလို ဆန္ဒ ပြနေကြတာဖြစ်ပါတယ်။

အီစတန်ဘူလ် မြို့တာ့ဆင်မ် ရင်ပြင်က စတင်တဲ့ ဒီဆန္ဒပြမှုတွေဟာ အန်ကာရာမြို့ အဇမီရာ မြို့အပါအဝင် တနိုင်ငံလုံးက မြို့ပေါင်း ၆၅ မြို့လောက်မှာ ပြန့်ပွား ဖြစ်ပေါ်လာနေပါတယ်။

သမ္မတ အဗဒူလာ ဂူးလ် ကတော့ အခုဆန္ဒပြမှုတွေကို တူနီးရှား အီဂျစ်တို့မှာ ၂၀၁၁ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ လှုပ်ရှားမှုတွေနဲ့ နှိုင်းယှဉ်ပြောကြားလို့ မရဘူးလို့ ဆိုပါတယ်။

ဝန်ကြီးချုပ် အာရ်ဒိုအမ်က ဆီးရီးယားသမ္မတ အာဆတ်ကို ဝေဖန်ပြောကြားခဲ့ရာမှာ ကိုယ့်လူမျိုးကိုယ် သတ်ဖြတ်တဲ့ ခေါင်းဆောင်မျိုးဟာ တရားဝင်ခေါင်းဆောင် မဟုတ်တော့ဘူးလို့ ပြောကြားခဲ့ဖူးပါတယ်။ ဒီစကားကို ထောက်ပြီး ဆန္ဒပြသူတွေက မစ္စတာ အာရ်ဒိုအမ်ဟာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ကိုယ့်လူမျိုး ဆန္ဒပြသူ ၃ ယောက်ကို သတ်ဖြတ်ခဲ့လို့ တရားဝင်ခေါင်းဆောင်မဟုတ် ဘူးလို့ ကန့်ကွက် ပြောဆိုကြပါတယ်။

ပြင်သစ်နိုင်ငံကလည်း တူရကီ ရဲအဖွဲ့ရဲ့ ဆန္ဒပြသူတွေ အပေါ်နှိမ်နင်း အရေးယူမှု အပေါ် ကန့်ကွက် ရှုတ်ချပါတယ်။

ဝန်ကြီးချုပ် အာရ်ဒိုအမ် က တူနီးရှားနိုင်ငံကနေ ပြောကြားခဲ့ရာမှာ ရဲအဖွဲ့ဟာ အင်အား အလွန်အကျွံ သုံးခဲ့တယ်ဆိုတာကိုတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ မူလက ရိုးရိုးသားသား ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ကန့်ကွက်ဆန္ဒပြတာကို နောက်ကွယ်က လူတစုက ကြိုးကိုင်ပြီး ကြီးထွားအောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ အကြမ်းဖက်သမားတွေ အစွန်းရောက်တွေလို့လည်း သူကဆိုပါတယ်။

ဂေဇီပန်းခြံမှာ သစ်ပင်တွေကို ခုတ်လှဲပြီး ဆောက်လုပ်ရေးလုပ်ငန်းလုပ်မယ့် အစီအစဉ်ကိုတော့ ဒါဟာ အများပြည်သူ အကျိုးအတွက် ဆောင်ရွက်မှာမို့ ဆက်လုပ်မယ်လို့ သူက ဆိုပါတယ်။ အဲဒီမှာ ရှိတဲ့ အော်တိုမန် အင်ပိုင်ယာ ခေတ်တုန်းက သမိုင်းဝင် စစ်တန်းလျားကိုတော့ တခြားနေရာကို ရွှေ့ပြောင်းမယ်လို့ သူကဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)