Home » » တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ဇွန်လတွင် ဆက်လက် ရောင်းချမည့် အစီအစဉ်

တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ဇွန်လတွင် ဆက်လက် ရောင်းချမည့် အစီအစဉ်

Written By Unknown on Monday, June 17, 2013 | 7:03 AM

၁။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ်တန်ဘိုးနည်း မိုဘိုင်းဖုန်း (၃၅၀,၀၀၀)စီကို ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ၂၀၁၃ခုနှစ်၊ ဧပြီလ နှင့် မေလ တို့တွင် မိဘပြည်သူများ အလွယ်တကူ၊ အဆင်ပြေ ချောမွေ့စွာ ဆက်သွယ်အသုံးပြုနိုင်ရေးအတွက် ခွဲဝေရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။

၂။ ပြည်သူများ မိုဘိုင်းဖုန်းသုံးစွဲမှု အဆင်ပြေခြင်း ရှိ/ မရှိကို မိုဘိုင်းအိတ်ချိန်းများတွင် မှတ်သား ထားသည့်အချက်အလက်များအားတိုင်းတာ စစ်ဆေးသည့်အခါ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရောင်းချ ပေးထားသည့် မိုဘိုင်းဖုန်းအင်အားထက် ပိုမိုသုံးစွဲနေသည်ကို တွေ့ရှိရပါသဖြင့် လိုအပ်သော စက်ပစ္စည်းများ ကိုတိုးချဲ့တပ်ဆင်လျှက်ရှိရာ၊ တန်ဘိုးနည်းမိုဘိုင်းဖုန်း စတင်တပ်ဆင် ပေးစဉ်က မိုဘိုင်းBTS စခန်း(၂၈၂)ခု သာရှိသော်လည်း၊ ယခု စခန်းBTSပေါင်း(၃၄၆)ခု အထိတပ်ဆင်ထားပြီး ဖြစ်ပါသည်။

၃။ စက်ပစ္စည်းနှင့်BTSစခန်းအသစ်များ တိုးချဲ့တပ်ဆင်ထားပြီး ဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်း ရှိနေရာ ဒေသအသစ်များတွင် မိုဘိုင်းဖုန်းများကို ယခင်လကထက် ပိုမို ရောင်းချ ပေးမည်ဖြစ်ပြီး၊ တိုးချဲ့နေဆဲ ဖြစ်သည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် ဖုန်းလိုင်းကြပ်၍ ဆက်သွယ်မှု အဆင်မပြေခြင်း များ မဖြစ်ပေါ်စေရေးအတွက် အဆိုပါဒေသများတွင် SIM Cardအရေအတွက် လျှော့ပေါ့ ရောင်းချ သွားမည် ဖြစ်ပါသည်။

၎။ ယခု ၂၀၁၃ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် မိုဘိုင်းဖုန်းSIM card (၃၅၀,၀၀၀)ကို ယခင်ရောင်းချထားသည့် အစီအစဉ်အတိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ရာ၊ တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ် ကြိုတင်ထည့်သွင်း ထားသော CDMA 800 MHz မိုဘိုင်းဖုန်းSIM card တစ်ခု အတွက် ၁၅၀၀ ကျပ် နှုန်းဖြစ်ပါသည်။
၅။ ချင်းပြည်နယ်၊ ဟားခါးနှင့် ဖလမ်းဒေသများအတွက် မိုဘိုင်းစက်ပစ္စည်းများ တပ်ဆင် ပြီးစီးမည် ဖြစ်သော (၁၅.၇.၂၀၁၃)ရက်နေ့မှ စတင်၍ CDMA 800 MHz မိုဘိုင်းဖုန်းSIM card (၅,၀၀၀) ရောင်းချ ပေးမည် ဖြစ်ပါသည်။

၆။ ပြည်သူများ သက်သာသော နှုန်းထားဖြင့် အမှန်တကယ်အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရောင်းချခြင်း ဖြစ်ပါသဖြင့် ဖုန်းကတ်ဝယ်ယူထားသည့် နေ့မှစ၍ ၁၅ ရက်အတွင်းတယ်လီဖုန်းSIM cardတွင် မူလထည့်သွင်းပေးထားသည့်တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်သုံးစွဲရပါမည်။ ဖုန်းကတ်အား အခြားသူ တစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းချခြင်းမှ ကာကွယ်ရန်အတွက် ၁၅ ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက် လိုင်းပိတ်သိမ်းသွားမည် ဖြစ်ပါသည်။

၇။ စက်ပစ္စည်းတန်ဘိုး၊ စက်တပ်ဆင်မှု ကုန်ကျစရိတ်များကို တယ်လီဖုန်း ပြောဆိုခများမှ ပြန်လည်စုဆည်း ကောက်ခံရမည်ဖြစ်ပါသဖြင့် ဤတန်ဘိုးနည်း မိုဘိုင်းဖုန်းများကို လစဉ် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ပြောဆိုခ ကျပ် ၂၅၀၀ အနည်းဆုံးသုံးစွဲရန် သတ်မှတ်ထားပြီး ဖြစ်ပါသည်။ နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကတ် မှ ၅၀၀၀ ကျပ်ကို အပြည့် မသုံးစွဲပါက အလိုအလျောက် ကျပ် ၅၀၀၀ ပြည့်သည်အထိ ဖြတ်တောက်သွားမည် ဖြစ်ပါသည်။တယ်လီဖုန်း SIM cardတွင်ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ ရက် အတွင်း ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်း ပိတ်သိမ်း သွားမည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း