Home » » ဘော်စတွန်မာရသွန်ဗုံးခွဲမှု သံသယတရားခံက ဗုံးပြုလုပ်မှုကို အင်တာနက်မှ နည်းလမ်းရှာ

ဘော်စတွန်မာရသွန်ဗုံးခွဲမှု သံသယတရားခံက ဗုံးပြုလုပ်မှုကို အင်တာနက်မှ နည်းလမ်းရှာ

Written By Unknown on Friday, June 28, 2013 | 4:52 PM

ဘော်စတွန် မာရသွန် ဗုံးခွဲမှုတွင် သံသယ တရားခံအဖြစ် ဖမ်းဆီးခံထားရသူ ဇိုခါဆာနေ့ဗ်သည် ၎င်းတို့ညီအစ်ကို အသုံးပြုခဲ့သည့် ဗုံးကို ပြုလုပ်ရန်အတွက် အင်တာနက်မှ နည်းလမ်းရှာခဲ့ကြောင်း သိရှိရသည်။

အမေရိကန် ထောက်လှမ်းရေး အရာရှိများက မိမိတို့၏ စစ်ချက်အရ ဇိုခါသည် အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့က ထုတ်ဝေသည့် မဂ္ဂဇင်း တစ်ခုတွင် ပါဝင်သော ဗုံးပြုလုပ်နည်း လမ်းညွှန်ကို #Download ပြုလုပ်ကာ ယခုကဲ့သို့ ဗုံးများ ဖန်တီးခဲ့ခြင်းဟု ပြောကြားခဲ့သည်။

ဇိုခါသည် လတ်တလောတွင် တရားရုံး စွဲချက်ပေါင်း (၃၀)နှင့် ရင်ဆိုင်နေရပြီး အမြင့်ဆုံး ပြစ်ဒဏ်မှာ သေဒဏ်ထိ ချမှတ်ခံရမည့် အခြေအနေ ရှိနေသည်။ ၎င်းသည် ဗုံးဖောက်ခွဲမှုနှင့် ဆက်စပ်သော စွဲချက်များအပြင် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို သတ်ဖြတ်ပြီး ကားလုယက်မှုအတွက်ပါ စွဲချက် အသစ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ကမ္ဘာကို တုန်လှုပ်စေခဲ့သည့် ဘော်စတွန်မြို့၊ မာရသွန်ပြိုင်ပွဲ ပန်းဝင်ခါနီးနေရာ၌ ဗုံးခွဲမှုအတွင်း ဇိုခါနှင့်အတူ ပူးပေါင်းကြံစည်သည့် အစ်ကိုဖြစ်သူ တာမာလန် ဆာနေ့ဗ်မှာမူ သေဆုံးခဲ့ပြီး ဖြစ်သည်။ "တာမာလန်အတွက် တရားမျှတမှုက နောက်ဘဝမှာ စီရင်နေပါလိမ့်မယ်။ ဒါပေမဲ့ သူ့ညီကတော့ မက်ဆာချူးဆက်မှာ တိကျထိုက်တန်တဲ့ တရားစီရင်မှုနဲ့ ကြုံရမှာပါ"ဟု ဆက်ဖော့ခ်ခရိုင် တရားသူကြီး ဒန်နီရယ်လ် ကွန်လီက ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦး၏ အကြမ်းဖက်မှုတွင် အင်တာနက်မှ ရယူခဲ့သည့် အကြမ်းဖက်မှု
ဆိုင်ရာ သတင်းအချက်အလက်များက အဓိက လွှမ်းမိုးမှု ဖြစ်ခဲ့လိမ့်မည်ဟု သတင်းများက ဆိုသည်။ ခါနေ့ဗ်ညီအစ်ကို၏ လက်ချက်ကြောင့် ဧပြီလ (၁၅)ရက်နေ့က ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာပြီး လူပေါင်း (၃)ဦး သေဆုံးကာ (၂၆၀)ကျော် ဒဏ်ရာရခဲ့သည်။

၎င်းတို့သည် ဖိအားဖြင့် အလုပ်လုပ်သည့် မီးဖိုနှစ်လုံးကို အသုံးပြုကာ လက်လုပ်ဗုံးများ ဖန်တီးပြီး ပန်းဝင်ခါနီး နေရာတွင် ချထားခဲ့ခြင်း ဖြစ်သည်။ ဇိုခါက "အမေရိကန် အစိုးရဟာ ကျုပ်တို့ရဲ့ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာပဲ။ ဒီလို မကောင်းဆိုးရွားတွေကို အပြစ်မပေးဘဲ ကျုပ်တို့ မျက်ကွယ် မပြုနိုင်ဘူး။ မွတ်ဆလင်တွေဟာ တစ်သားတည်းရှိတယ်။ မွတ်ဆလင် တစ်ယောက်ကို နာကျင်စေတာဟာ အားလုံးကို နာကျင်စေတာ နဲ့ အတူတူပဲ"ဟု တရားရုံးတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

၎င်းတို့ ညီအစ်ကို နှစ်ဦးသည် ရုရှားနိုင်ငံ၊ ဒါဂီစတန်နှင့် ချေချင်းညာ ဒေသတို့နှင့် ဆက်နွယ်မှုရှိပြီး အမေရိကန် နိုင်ငံတွင် ဆယ်စုနှစ်နှင့်ချီ ကြာညောင်းအောင် နေထိုင်ခဲ့ပြီး ဖြစ်သည်။

Planet Myanmar Network