Home » » မြို့နယ်အုပ်ချုပ်ရေးမှူး မေတ္တာရပ်ခံ၍ ညောင်နှစ်ပင် ထွန်တုံးတိုက်ပွဲ ရပ်ဆိုင်း

မြို့နယ်အုပ်ချုပ်ရေးမှူး မေတ္တာရပ်ခံ၍ ညောင်နှစ်ပင် ထွန်တုံးတိုက်ပွဲ ရပ်ဆိုင်း

Written By Unknown on Friday, June 21, 2013 | 5:26 PM

(ရန်ကုန်၊ ဇွန် ၂၀)

ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် ညောင်နှစ်ပင် ဖိုးဒေါနကုန်းကျေးရွာ အုပ်စုရှိ လယ်သမား ၂၀၀ သည် သိမ်းဆည်းခံ လယ် ၂၄၆ ဧက ပြန်လည်ရရှိရန် ဇွန် ၂၀ ရက် နေ့နံနက် ၈ နာရီတွင် ပြုလုပ်မည့် နွား ၁၀ ရှဉ်း၊ ထွန်စက်တစ်စီးတို့ဖြင့် ထွန်တုံး တိုက်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးက ညှိနှိုင်းဖြေရှင်းပေးမည် ဟုဆို၍ ရပ်ဆိုင်းခဲ့ကြောင်း လယ်သမားများက ပြောကြားသည်။

မှော်ဘီမြို့နယ် အုပ်ချုပ်ရေးမှူး၊ စခန်းမှူးနှင့် အခြားတာဝန်ရှိသူများက ထွန်တုံးတိုက်ပွဲကို ခေတ္တ ဆိုင်းငံ့ပေးရန် မေတ္တာရပ်ခံခဲ့ပြီး သိမ်းဆည်းခံရသော လယ်မြေများကို ပြန်လည်ရရှိရန်နှင့် ကွင်းပြင် ဖြစ်လျက်ရှိသော လယ်မြေများ တွင် ပြန်လည်စိုက်ပျိုးခွင့် ရရှိရန် ကြိုးစား ပေးမည်ဟု ပြောကြားခဲ့ကြောင်း ဖိုးဒေါနကုန်း ကျေးရွာနေ ကိုကြည်လှိုင်က The Voice သို့ ပြောကြားသည်။

၂၀၀၁ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ညောင်နှစ်ပင် ဟင်းသီးဟင်းရွက်ဇုန် အမှတ် (၂) စီမံကိန်းအဖြစ် ဖိုးဒေါနကုန်း ကျေးရွာ အုပ်စုအတွင်းရှိ လယ်မြေပေါင်း ၂၄၆ ဧက ကို အတင်းအဓမ္မ သိမ်းယူခဲ့ပြီးချိန် မှစ၍ ယနေ့အထိ စိုက်ပျိုးမှု တစ်စုံတစ်ရာ မလုပ်ဘဲ ကွင်းပြင်အတိုင်းသာ ရှိသဖြင့် စားဝတ်နေရေး အခက်အခဲများကြောင့် မိမိပိုင်လယ်မြေ နေရာများတွင် ပြန်လည်ထွန်ယက် စိုက်ပျိုး ခွင့် ရလိုကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

အဆိုပါ လယ်ကွက်များကို ၂၀၀၂ ခုနှစ်ကစပြီး ဇုန်တာဝန်ခံများက ငါးဧကလျှင် မြေကွက်တစ်ကွက် ရိုက်၍ ရောင်းချခဲ့ပြီး ယခုအခါ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၆၀၀ အထိရှိကြောင်းနှင့် ရေနက် ကွင်းနေရာများက အရောင်းအဝယ် မဖြစ်ဘဲ ကွင်းပြင်ကြီးအဖြစ် ကျန်ရှိနေကြောင်း ယင်းကျေးရွာနေ လယ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

The Voice Weekly