Home » » ဘင်္ဂါလီ ဒုက္ခသည်များအတွက် ယာယီ စာသင်ကျောင်း သုံးဆယ်ကျော်ဆောက်မည်

ဘင်္ဂါလီ ဒုက္ခသည်များအတွက် ယာယီ စာသင်ကျောင်း သုံးဆယ်ကျော်ဆောက်မည်

Written By Unknown on Monday, June 17, 2013 | 9:33 PM

ရန်ကုန်၊ ဇွန် ၁၆

ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF (မြန်မာ) တို့ ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်ကျောင်းသား များ အတွက် ယာယီ စာသင်ကျောင်း ၃၃ ကျောင်းကို ဇူလိုင်လအတွင်း အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

ကျောင်းဖွင့်ရာသီ ရောက်ရှိသော်လည်း ကျောင်းမတက်နိုင်သေးသော ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ ကျောင်းသား၊ ကျောင်းသူ တစ်ထောင်ကျော် အတွက် ရခိုင်ပြည်နယ် မြို့နယ် ငါးခုတွင် ယာယီ စာသင်ကျောင်းများကို UNICEFက အကုန်အကျခံ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း အဆိုပါရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယာယီ စာသင်ကျောင်းများတွင် သင်ကြားပေးမည့် စေတနာ့ဝန်ထမ်း အလုပ်သင် ဆရာ၊ ဆရာမ ၉၃ ဦးအတွက် ထောက်ပံ့မှုများလည်း ပေးသွား ရန် ရှိကြောင်း၊ ယင်း စာသင်ကျောင်းများတွင် ကျောင်းသား တစ်ဦးကို တစ်နေ့လျှင် နှစ်နာရီသာ သင်ကြားပေးမည်ဖြစ်ကြောင်း UNICEF အရေးပေါ် ပညာရေး ထောက်ပံ့မှု တာဝန်ခံ Ms. Mary Ombaka က ပြောကြားသည်။

ယခုလ ၂၈ ရက်နေ့တွင် စစ်တွေ၊ ပေါက်တောနှင့် မင်းပြားမြို့နယ်များရှိ ယာယီ စာသင်ကျောင်းများကို အပြီးသတ်သွားမည်ဖြစ်ပြီး စစ်တွေမြို့တွင် စာသင်ကျောင်း ၁၆ ကျောင်း ဆောက်လုပ်ထားကြောင်း ပညာရေး ဝန်ကြီး ဌာနထံမှ သိရသည်။

"ကျောင်းပညာရေး စနစ်ကနေ နှစ်ဖက် အဖွဲ့အစည်းတွေကို ပြန်လည် စေ့စပ် ညှိနှိုင်းပေးဖို့ ကြိုးစားရမယ်" ဟု ရခိုင်ပြည်နယ်တွင် အခြေစိုက်သော OCHA ရုံးချုပ်မှ တာဝန်ရှိသူ Ms. Barbara Manzi က ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခင်နှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ပျက်စီး သွားသော စာသင်ကျောင်း သုံးကျောင်းကို ပညာရေး ဝန်ကြီးဌာနက ဇူလိုင်လတွင် စတင် ပြင်ဆင်ရန် စီစဉ်လျက်ရှိကြောင်း၊ ပြည်နယ် တစ်ခုလုံး စာသင်ကျောင်း နှစ်ထောင့် ခုနစ်ရာ ကျော်ရှိပြီး ကျောင်းသား ဦးရေ ငါးသိန်းကျော် ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သည်။

The Voice Weekly