Home » » ကော့သောင်းလေဆိပ်တွင် လေယာဉ် ပြေးလမ်းချော်၍ တောင်ပံနှစ်ဘက်ရှိ ပန်ကာများ ကျိုးပဲ့ပျက်စီး

ကော့သောင်းလေဆိပ်တွင် လေယာဉ် ပြေးလမ်းချော်၍ တောင်ပံနှစ်ဘက်ရှိ ပန်ကာများ ကျိုးပဲ့ပျက်စီး

Written By Unknown on Monday, June 10, 2013 | 4:51 PM

နေပြည်တော်၊ ဇွန် ၁၀

ရန်ကုန်-မော်လမြိုင်-ကော့သောင်း-မော်လမြိုင်-ရန်ကုန်ပြေးဆွဲသည့် မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် UB-309၊ လေယာဉ်အမှတ် XY-AIP၊ လေယာဉ်အမျိုးအစား MA-60 လေယာဉ်သည် Capt.မောင်မောင်လွင်ပါ လေယာဉ်အမှုထမ်း(၄)ဦး လိုက်ပါမောင်းနှင်ပြီး ၁၀-၆-၂၀၁၃ ရက်နေ့ ၁၁၅၅ အချိန် မော်လမြိုင်မှ ခရီးသည်(၅၅)ဦး၊ ရင်ခွင်ပိုက်ကလေးငယ်(၅)ဦးတို့အား တင်ဆောင်၍ ကော့သောင်းသို့ ခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာလာခဲ့သည်။

၁၃၀၅ အချိန် ကော့သောင်းသို့ရောက်ရှိပြီး ကော့သောင်းလေဆိပ်သို့ မြောက်မှတောင်ဘက် လေယာဉ်ပြေးလမ်းအတိုင်း ဆင်းသက်စဉ် လေယာဉ် ပြေးလမ်းချော်ပြီး လေယာဉ်ပြေးလမ်း၏ အနောက်ဘက် ပေ ၂၀၀ ခန့်အကွာရှိ ခြုံပုတ်အတွင်းသို့ ရောက်ရှိခဲ့သည်။

လေယာဉ် ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်ပါခရီးသည်များနှင့် လေယာဉ် အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ လေယာဉ်၏ ဘယ်ဘက်တောင်ပံအင်ဂျင်မှ မီးခိုးများ ထွက်လာ၍ လေယာဉ်ပေါ်တွင်ပါရှိသည့် မီးသတ်ဆေးဗူးများဖြင့် ငြှိမ်းသတ်ခဲ့ကြောင်းနှင့် လေယာဉ်၏ တောင်ပံနှစ်ဘက်ရှိ ပန်ကာ(၂)လုံး၏ဒလက်များ ကျိုးပဲ့ပျက်စီးသွားကြောင်း သတင်းရရှိသည်။


ရဲဇာနည် (မြန်မာနိုင်ငံရဲတပ်ဖွဲ့ )