Home » » အစိုးရတပ်များ ရှမ်းတပ် ဝတ်စုံဖြင့် ပလောင်တပ်ကို တိုက်ခိုက်ဟု PSLF စွပ်စွဲလိုက်

အစိုးရတပ်များ ရှမ်းတပ် ဝတ်စုံဖြင့် ပလောင်တပ်ကို တိုက်ခိုက်ဟု PSLF စွပ်စွဲလိုက်

Written By Unknown on Friday, May 31, 2013 | 10:15 AM

 ပလောင် (တအာင်း) လွတ်မြောက်ရေးတပ် (TNLA) နှင့် အစိုးရတပ်တို့ မေလ ၂၈ ရက်နေ့မှ ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ၂၉ ရက်နေ့တွင် အစိုးရတပ်က ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) ၏ စစ်ဝတ်စုံကို ဝတ်ဆင်ကာ တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်မှာ ပြောဆိုလိုက်သည်။

တော်လှန်ရေး အဖွဲ့တခု၏ စစ်ဝတ်စုံကို ဝတ်ဆင်ကာ မိမိတို့ တပ်အား တိုက်ခိုက်သော အစိုးရတပ်၏ လုပ်ရပ်သည် တော်လှန်ရေး အင်အားစုများကြား အထင်အမြင် လွဲမှားအောင် ဖန်းတီးခြင်း ဖြစ်ကြောင်း ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) က မဇ္ဈိမကို ပြောသည်။

“နည်းနည်းထူးခြားတာက သူတို့က ညအချိန်မှာ ခရီးထွက်တယ်။ ရှမ်း (SSA-S) ဝတ်စုံကို ဝတ်ပြီးတော့ သူတို့ တက်လာတယ်။ မနေ့ ကျနော်တို့ ဖြစ်တဲ့နေရာမှာလည်း ရှမ်းယူနီဖောင်း ဝတ်ထားတဲ့ မြန်မာတပ်တွေနဲ့ ဖြစ်တာပဲ။ ရှမ်းနဲ့ ကျနော်တို့ ကြားမှာ ပဋိပက္ခ ဖြစ်အောင် ဖန်တီးချင်တဲ့ ရည်ရွယ်ချက်လည်း ပါမယ်။ မူပြောင်းပြီး လှုပ်ရှားလာတာ ကျနော်တို့ တွေ့ရတယ်ခင်ဗျ” ဟု PSLF အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော် က ပြောသည်။

SSA-S စစ်ဝတ်စုံများသည် မေလ ၉ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ်ရှိ နမ့်ခမ်းမြို့နယ်၊ နောင်မ အခြေစိုက် SSA-S ၏ အမှတ် (၇၀၁) တပ် တပ်စခန်းကို အစိုးရတပ်က သိမ်းပိုက်ရာတွင် ရရှိခဲ့သည့် ဝတ်စုံများ ဖြစ်မည်ဟု မိုင်းဘုန်းကျော် က ယူဆသည်။

SSA-S မှ ဗိုလ်မှူး စိုင်းလောင်ဆိုင် ကလည်း ၎င်းတို့၏ နောင်မ စခန်း သိမ်းပိုက်ခံရရာတွင် စစ်လက်နက် အချို့နှင့် စစ်ဝတ်စုံများ ပါသွားခဲ့ကြောင်း အတည်ပြု ပြောဆိုသည်။

အစိုးရတပ်နှင့် TNLA သည် မေလ ၂၈ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ်ဖတ်ကာ မြို့နယ်၊ ဂျုံနော်ရွာ အနီးတွင် တကြိမ်၊ ၂၉ ရက်နေ့တွင် ကျောက်မဲမြို့နယ်အတွင်းတွင် သုံးကြိမ်၊ ၃၀ ရက်နေ့တွင် မန်တုံနှင့် နမ့်ခမ်းမြို့နယ်အကြားတွင် နှစ်ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးအချိန် (မေလ ၃၀ ရက်နေ့၊ ည ၉ နာရီတွင်) ရရှိသည့် သတင်းအရ မန်တုံနှင့် နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာအနီးတွင် အစိုး တပ်ရင်း ၃ ရင်း၊ အင်အား ၂၀၀ ကျော်နှင့် TNLA တပ်ရင်း အမှတ် ၃၇၆၊ ၄၇၈ တို့ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

“အခု တိုက်ပွဲ ဖြစ်နေတယ်ခင်ဗျ။ ကျနော်တို့ နေတဲ့နေရာနဲ့ သုံးနာရီ ခရီးလောက်ပဲ ဝေးတယ်။ ကျနော်တို့ ဘက်ကို ဆက်တက်လာဖို့ ရှိတယ်” ဟု မိုင်းဘုန်းကျော် က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း စေလွှတ်သည့် ကိုယ်စားလှယ်နှင့် PSLF/TNLA သည် ဧပြီလအတွင်းက တွေ့ဆုံနိုင်ခဲ့သော်လည်း ယနေ့တိုင် အပစ်အခတ် ရပ်စဲရေးအတွက် မဆွေးနွေးနိုင်သေးကြောင်း မိုင်းဘုန်းကျော် က ပြောသည်။

PSLF ကို ၁၉၉၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၎င်း၏ လက်အောက်ခံ တပ်မတော် ဖြစ်သည့် TNLA ကို ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်းကာ ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် နမ့်ဆန်မြို့နယ်အတွင်း တွင် အခြေပြု လှုပ်ရှားလျက် ရှိသည်။

ကွန်းချမ်း | စံခလပူရီ (မဇ္ဈိမ)
Mizzima - News in Burmese