Home » » ထုတ်လုပ်မှုစရိတ်များ လျှော့ချနိုင်ပါက ဆန်စပါး ရောင်းဝယ်မှု ကဏ္ဍတွင် တရုတ်အခက်၊ မြန်မာအချက်ဖြစ်လာနိုင်

ထုတ်လုပ်မှုစရိတ်များ လျှော့ချနိုင်ပါက ဆန်စပါး ရောင်းဝယ်မှု ကဏ္ဍတွင် တရုတ်အခက်၊ မြန်မာအချက်ဖြစ်လာနိုင်

Written By Unknown on Friday, May 31, 2013 | 5:37 PM

အိမ်နီးချင်း တရုတ်နိုင်ငံတွင် ဆန်လိုအပ် ချက် မြင့်မားနေချိန်၌ မြန်မာနိုင်ငံ သည် အခြားအိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်ပြိုင် တင်ပို့မှုများ ဈေးနှုန်းအရ အားနည်းချက် ရှိနေကြောင်း သိရသည်။

ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မား နေသေးသည့် မြန်မာ့ဆန်သည် နည်းပညာ မြင့်မားကာ ကုန်ကျစရိတ် သက်သာသော ဗီယက်နမ်ဆန်များနှင့် နှိုင်းယှဉ်ပြီး လူဦးရေ သန်း ၁,၀၀၀ ကျော်ဖြင့် ဈေးကွက်ကြီးမားသော တရုတ်သို့တင်ပို့ရန် မှာ အကန့်အသတ်များ ရှိနေသည်ဟု မူဆယ်၊နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်းမှ ဦးချမ်းသာဦးက ပြောသည်။

“ဗီယက်နမ်ဆန်က စိုက်ပျိုးထုတ် လုပ်မှုနည်းပညာမြင့်တယ်။ စရိတ်သက် သာတယ်။ မြန်မာဆန်က တန်းမြင့်ဆန် တင်ပို့တာနည်းတယ်။ အများစုက ၂၅မှတ် ဆန်ပို့တာများတယ်။ စားသုံးမှုအရည် အသွေးကြတော့ မြန်မာဆန်က ကောင်းတယ်”ဟု ၎င်းက ပြောသည်။

တရုတ်ပြည် ဆန်ဈေးကွက်သို့ တင်ပို့ ရောင်းချနေသော ဗီယက်နမ်ဆန်မှာ
ဆန်သား ၈၅ ရာခိုင်နှုန်း ပါဝင်ပြီး ဈေးနှုန်းမှာလည်း မြန်မာ ၂၅ မှတ် ဆန်ဈေးနှုန်းသာရှိသဖြင့် ယှဉ်ပြိုင်နိုင်ရန် အခက်အခဲများရှိနေသည်ဟု သိရသည်။

တရုတ်ပြည်အလယ်ပိုင်းနှင့် တောင် ပိုင်းမှထွက်ရှိသော ဆန်နှင့် ဆက်စပ်ထွက် ကုန်များတွင် ကင်ဆာဖြစ်စေသော ကဒ်မီယမ်ဓာတ်များ ပါဝင်နေကြောင်း တရုတ် အစိုးရကကြေညာခဲ့ပြီး ဖြန့်ချိထားသော ဆန်များကို ပြန်လည်သိမ်းယူရန်နှင့် ဆန် စက်လုပ်ငန်းများရပ်ဆိုင်းထားရန် ယခုလ ၂၁ ရက်နေ့က အမိန့်ထုတ်ထားကြောင်း ရှင်ဟွာသတင်းဌာနက ထုတ်ပြန်ထားသည်။

ယင်းသတင်းကြောင့် တရုတ်နိုင်ငံသို့ ဆန်တင်သွင်းနေကြသောထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံများက တရုတ်နိုင်ငံတွင် ဖြစ်နေသော ဆန်အကျပ် အတည်းကို အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ထားကြပြီး ဗီယက်နမ်နိုင်ငံမှဆန်များတိုး မြှင့်တင်ပို့ရန် ပြင်ဆင်ထားကြသည်ဟု ဝေါလ်စထရိဂျာနယ်တွင် ဖော်ပြထားသည်။

ကုန်ခဲ့သည့်ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုမှာစံချိန်တင်မြင့်တက် ခဲ့ပြီး တန်ချိန် ၁ ဒသမ ၃ သန်းတင်ပို့ရာတွင် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ စုစုပေါင်းတင်ပို့မှု၏ ထက်ဝက်နီးပါးတင်ပို့ခဲ့ခြင်းဖြစ်သည်။

ထုတ်လုပ်မှု ကုန်ကျစရိတ်များကို လျှော့ချနိုင်ပါက မြန်မာဆန်ဈေးနှုန်းမှာ ဒေသတွင်းနိုင်ငံများ၏ ဆန်ဈေးနှုန်းများကို ယှဉ်ပြိုင်ရောင်းချနိုင်မည်ဟု ဆန်ကုန်သည်များက သုံးသပ်သည်။

တရုတ်နိုင်ငံ နယ်စပ်ရှိ မြန်မာဆန် ဈေးနှုန်းများမှာ ဧည့်မထ(နွေ)၅ မှတ် ဆန်၊ ၅၀ ကီလိုပါတစ်အိတ်လျှင် ၁၄၇ ယွမ်နှင့် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ၁၂၇ ယွမ်မှ ၁၃၂ ယွမ်အထိရှိကြောင်း သိရသည်။

မြန်မာဆန်များ အရည်သွေးပြည့်မှီ ရေးနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ လျှော့ချနိုင်ရန် အရေးတကြီးလိုအပ်လျက်ရှိပြီး ရေရှည်စီမံကိန်းများ ချမှတ်ကာ စနစ်တကျလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။

ရူပါအောင်ဝင်း  - The Farmer Media